ဗိသုကာပညာရေး သမိုင်းမှတ်တမ်းအကျဉ်း (ဗိသုကာရွှေရတု၊ ၁၉၅၄-၂၀၀၄)

ဗိသုကာပညာရေး သမိုင်းမှတ်တမ်းအကျဉ်း (ဗိသုကာရွှေရတု၊ ၁၉၅၄-၂၀၀၄)

နိဒါန်း

ဗိသုကာပညာရပ်သည် မြန်မာနိုင်ငံတွင် ရှေးနှစ်ပေါင်းများစွာကပင် ရှိနေခဲ့ပြီးဖြစ်ကြောင်းကို ရှေးဟောင်း မြန်မာ့မြို့တော်များနှင့် အဆောက်အအုံများက အခိုင်အမာ ဖော်ပြထားပြီးဖြစ်သည်။

အထူးသဖြင့် ပုဂံခေတ်တွင်တည်ဆောက်ခဲ့ကြသော အဆော်အအုံများသည် မြန်မာနိုင်ငံ၌ ရှေးကပင် ယဉ်ကျေးမှုထွန်းကားခဲ့သည့် အခြေအနေများနှင့် ဗိသုကာပညာအဆင့်အတန်းမြင့်မားသည့် နိုင်ငံဖြစ်ကြောင်းကို ကမ္ဘာ့အလယ်တွင် ဂုဏ်ယူစွာဖြင့် သက်သေထူဝင့်ကြွားနိုင်ခဲ့သည်။

မြန်မာတို့၏ နောက်ဆုံးမင်းနေပြည်တော်ဖြစ်သည့် “ရတနာပုံရွှေမြို့တော်” (မန္တလေးမြို့) နှင့် “မြနန်းစံကျော် ရွှေနန်းတော်” (အေဒီ ၁၈၅၉) တို့ကို မြန်မာမှုဗိသုကာလက်ရာများသာမက ခေတ်ပေါ်ဗိသုကာပညာရပ်များ (မြို့တည်အကွက်ချ ပုံစနစ်များ၊ မြို့ပြအင်္ဂါရပ်များနှင့် ရွှေနန်းတော်အဆောင်များ၏ ဖွဲ့စည်းတည်ဆောက်ပုံများ) ဖြင့်ပါ စနစ်တကျ ထည့်သွင်း တည်ဆောက်ခဲ့သည်ကို တွေ့ရှိကြသည်။

နှစ်ဆယ်ရာစုနှစ်မတိုင်မီက မြန်မာနိုင်ငံတွင် အင်ဂျင်နီယာ အတတ်ပညာသင်ကြားမှုကို သိပ္ပံကျောင်းအဆင့်ဖြင့်သာ သင်ကြားခြင်းမျိုးရှိခဲ့ပြီး ၁၉၂၄ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်လက်အောက်၌ အင်ဂျင်နီယာ မဟာဌာနကို ဖွင့်လှစ်ပြီး တက္ကသိုလ်အဆင့် အင်ဂျင်နီယာသင်တန်း (၃) မျိုးကို စတင်သင်ကြားခဲ့သည်။ ၁၉၂၇ ခုနှစ်တွင် B.O.C. College (ယခု ဆေးတက္ကသိုလ်-၁- ပထမနှစ်သင်တန်း စာသင်ဆောင်သထုံလမ်း) ကိုဖွင့်လှစ်၍ ဆက်လက်သင်ကြားခဲ့သည်။ ထိုအချိန်ကာလအတွင်းနှင့် လွတ်လပ်ရေးရပြီးချိန်ကာလအထိ ဗိသုကာပညာကို သင်ကြားနိုင်ခြင်း မရှိသေးသဖြင့် နိုင်ငံခြား တိုင်းပြည်များသို့ သွားရောက်သင်ယူခဲ့သူ ဗိသုကာအချို့ရှိခဲ့သည်။

ဗိသုကာပညာ စတင်သင်ကြားခြင်း

Photo – ရွက်နုဝေမဂ္ဂဇင်း

Photo – ရွက်နုဝေမဂ္ဂဇင်း

မြန်မာနိုင်ငံ၏ ဗိသုကာပညာသမိုင်းကဏ္ဍသစ်ကို လွတ်လပ်ရေးရပြီး ခြောက်နှစ်အကြာ ၁၉၅၄ ခုနှစ်တွင် ရန်ကုန် B.O.C.College ၌ ပထမဆုံးသော ဗိသုကာဌာနကို ဖွင့်လှစ်ခြင်းဖြင့် စတင်ခဲ့သည်။ ထိုနှစ်တွင်ပင် အင်ဂျင်နီယာသင်တန်း အသစ် (၃) မျိုးကို လည်းကောင်း၊ နောက်နှစ်များတွင် အခြားအင်ဂျင်နီယာ သင်တန်းများကို လည်းကောင်း တိုးချဲ့ဖွင့်လှစ်ခဲ့သည်။

၁၉၅၈ ခုနှစ်တွင် ဗိသုကာဌာနအပါအဝင် အင်ဂျင်နီယာဌာနများကို ပြည်လမ်းရှိ အဆောက်အအုံသစ်များဆီသို့ ပြောင်းရွှေ့သင်ကြားပေးခဲ့သည်။ (ယခု ဆေးတက္ကသိုလ်-၁ ဒုတိယနှစ်သင်တန်း စာသင်ဆောင်နှင့် လက်တွေ့ခန်းများ၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်။) ၁၉၅၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ဗိသုကာပညာသင်တန်းသည် အင်ဂျင်နီယာ ပညာသင်တန်းများနည်းတူ (၄) နှစ်သင်တန်းဖြစ်၍ ၁၉၅၈ ခုနှစ်တွင် ပထမဦးဆုံးသော ဘွဲ့ရ ဗိသုကာပညာရှင် (၅) ဦးကို ပြည်တွင်း၌ မွေးထုတ်ပေးနိုင်ခဲ့သည်။ (ထိုစဉ်က B.Sc. (Engg.) (Architecture) ဘွဲ့ကို ပေးအပ်နိုင်ခဲ့သည်။)

ဗိသုကာပညာရေးခရီး

၁၉၅၄ မှ ၁၉၆၄ ခုနှစ် (ပထမ ၁၀ နှစ်)

ဗိသုကာသင်တန်းများတွင် ဘာသာရပ်များ တိုးချဲ့သင်ကြားရန် လိုအပ်လာသဖြင့် ၁၉၅၈ ခုနှစ်မှစ၍ (၄) နှစ်သင်တန်းမှ (၅) နှစ်သင်တန်းသို့ ပြောင်းလဲခဲ့သည်။ နောက်ပိုင်းကာလတွင် သင်တန်းပြီးဆုံးသည့်အခါ B.Arch ဘွဲ့ကို ပေးအပ်ခဲသည်။

Photo – www.encrypted-tbn0.gstatic.com

၁၉၆၁ ခုနှစ်တွင် ပြည်လမ်း၊ အင်ဂျင်နီယာ ကောလိပ်အဆောက်အအုံရှိ အင်ဂျင်နီယာမဟာဌာန တစ်ခုလုံး (ဗိသုကာဌာနနှင့် အင်ဂျင်နီယာဌာနများအားလုံး)ကို အသစ်ဆောက်လုပ်ပြီးစီးသည့် ကြို့ကုန်းရှိ စက်မှုတက္ကသိုလ် (ယခု ရန်ကုန်နည်းပညာတက္ကသိုလ်) အဆောက်အအုံများဆီသို့ အပြီးအပိုင် ပြောင်းရွှေ့ဖွင့်လှစ်ခဲ့သည်။

ဆောက်လုပ်ပြီးစအချိန်က ‘ဗမာ့စက်မှုတက္ကသိုလ်’ (Burma Institute of Technology B.I.T) ဟု အမည်ပေးခဲ့သော်လည်း၊ ၁၉၆၄ ခုနှစ်တွင် တက္ကသိုလ်ပညာသင်ကြားရေးစနစ်ကို စတင်အကောင်အထည် ဖော်လိုက်သည့်အခါ ရန်ကုန်တက္ကသိုလ်လက်အောက်ရှိ အင်ဂျင်နီယာမဟာဌာနကို ပညာရေးဌာန လက်အောက်တွင် သီးခြားတက္ကသိုလ်တစ်ခုအဖြစ် ‘ရန်ကုန်စက်မှုတက္ကသိုလ်’ (Rangoon Institute of Technology R.I.T) ဟူ၍ ပြောင်းလဲ ဖွဲ့စည်းခေါ်တွင်ခဲ့သည်။

သင်ကြားရမည့် ဘာသာရပ်များကိုလည်း ထပ်မံတိုးချဲ့လိုက်သဖြင့် ဗိသုကာပညာသင်တန်းနှင့် အင်ဂျင်နီယာပညာသင်တန်းအာလုံးသည် ၁၉၆၄ ခုနှစ်မှစ၍ သင်တန်းကာလကို (၆) နှစ်အထိ တိုးမြှင့်ခဲ့သည်။ ပထမနှစ်သင်တန်းသည် အင်ဂျင်နီယာသင်တန်းများနှင့် အတူ Common Course ဖြစ်ပြီး၊ ဒုတိယနှစ် ဗိသုကာ သင်တန်းတွင် ဗိသုကာအခြေခံဘာသာရပ် (၃) မျိုးကို စတင်သင်ကြားကြရပြီး အခြားအထောက်အကူပြု ဘာသာရပ်များကိုလည်း သင်ကြားကြရသည်။ ဗိသုကာသင်တန်း အောင်မြင်သူများကို B.Arch ဘွဲ့နှင့် အင်ဂျင်နီယာ သင်တန်းအောင်မြင်သူများကို B.Sc.(Engg.) (…) ဘွဲ့မှ B.E(…) ဘွဲ့သို့ ပြောင်းလဲပေးအပ်သည်။


၁၉၆၄ မှ ၁၉၇၄ ခုနှစ် (ဒုတိယ ၁၀ နှစ်)

ထိုအချိန်ကာလအတွင်း ရန်ကုန်စက်မှုတက္ကသိုလ်အနေဖြင့် စနစ်သစ်မှုအရ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးသော ရန်ကုန်တက္ကသိုလ်သို့ ဦးစားပေး၍ ကျောင်းဝင်တန်းလျှောက်ထားကြသူများထဲမှ ‘အရည်အချင်းအဆင့်’ (ILA- Intelligence Level and Aggregate Marks) ကို တွက်ချက်ကာ သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ တစ်နှစ်လျှင် ကျောင်းသူကျောင်းသား (၅၅၀) ယောက်ခန့် လက်ခံပေးခဲ့သည့်အနက် ဗိသုကာဌာနသို့ (၂၀) ဦးမှ (၂၅) ဦးအထိဝင်ခွင့်ရရှိခဲ့ပြီး ကျောင်းသား ၆၀%နှင့် ကျောင်းသူ ၄၀% ခန့်အချိုးဖြင့် ဗိသုကာပညာကို သင်ယူခွင့်ရရှိခဲ့ကြသည်။

Photo – Internet

၁၉၆၉ ခု ပညာသင်နှစ်မှစ၍ ILA စနစ်ကို ဖျက်သိမ်းကာ ရမှတ်ပေါင်းစနစ် Total Marks ဖြင့် R.I.T သို့ ဝင်ခွင့်လျှောက်ထားကြသူများ၏ ရမှတ်ပေါင်း အများဆုံးမှ သတ်မှတ်ထားသည့် အရေအတွက်အထိ စိစစ်ပြီးလက်ခံခဲ့သည်။ထိုမှတစ်ဆင့်အဓိကဘာသာရပ်အလိုက် ဦးစားပေးတင်ပြထားသူများကို ထပ်မံစိစစ်ပြီး ခွင့်ပြုထားသည့်အရေအတွက်အတိုင်း ဘာသာရပ်အလိုက် အမှတ်အများဆုံးမှ အနည်းဆုံးသို့ (တက္ကသိုလ် ဝင်ခွင့်ရသည့်အနိမ့်ဆုံးအမှတ်) ခုံအမှတ် Roll No. များကို ပထမနှစ် First Year အတွက် ထုတ်ပေးခဲ့သည်။ ထိုနှစ်တွင် တစ်ကျောင်းလုံးသို့ ဝင်ခွင့်ရသူ (၆၀၀)ခန့်အနက် ဗိသုကာဌာနသို့ ကျောင်းသား (၁၅) ယောက်နှင့် ကျောင်းသူ (၁၀) ယောက်ရောက်ရှိခဲ့ပြီး First Year Arch Roll (1-5) သည် ကျောင်းသို့ ဝင်ခွင့်ရသည့် အမှတ်အများဆုံး စာရင်းတွင်ပါကြောင်း သိရှိရသည်။

၁၉၇၀ ခုနှစ်သည် ရန်ကုန်တက္ကသိုလ်၏ ရွှေရတုအချိန်ကာလဖြစ်သောကြောင့် ဗိသုကာဌာနရှိ ဆရာများနှင့် ကျောင်းသားများက ရန်ကုန်တက္ကသိုလ်ရွှေရတု မုခ်ဝကြီးများကို ဒီဇိုင်းစတူယိုပရိုဂျက် ပြုလုပ်၍လည်းကောင်း၊ ပိုစတာဆိုင်းဘုတ်ဒီဇိုင်းများ ရေးဆွဲပေးခြင်းနှင့် ရွှေရတုအချိန်ကာလအတွင်း အဓိပတိလမ်းမကြီး၌ အရောင်းဆိုင်ကို ထူးခြားစွာဖွင့်လှစ်ရောင်းချခဲ့ခြင်းဖြင့် ဂုဏ်ပြုပါဝင်ဆင်နွှဲခဲ့ကြသည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

၁၉၆၄-၇၄ ခုနှစ်များတွင် ဗိသုကာဌာနမှ ဆရာတစ်ဦးက တာဝန်ယူ၍ ပုံဆွဲစက္ကူနှင့် ကိရိယာများကို ရောင်းချပေးခဲ့သည့်အတွက် ကျောင်းသားများအဖို့အထူးပင် အဆင်ပြေခဲ့ကြပြီး၊ ကျောင်းသားဗိသုကာအသင်းမှ ဦးဆောင်ကျင်းပသည့် ဗိသုကာကြီးငယ်များနှင့် ကျောင်းသားဗိသုကာများ တွေ့ဆုံကြသော ညစာစားပွဲများ၊ ကပွဲများမှတစ်ဆင့် ရင်နှီးခင်မင်မှုများကို ရရှိခဲ့ကြသည်။ ထို့ပြင်ရပ်ဝေး၊ ရပ်နီးသို့ လေ့လာရေးခရီးများထွက်ခြင်းနှင့် သင်ရိုးညွှန်တမ်းပါ ရှေးဟောင်းအဆာက်အအုံများ တိုင်းတာရေးဆွဲခြင်း Measured Drawing ခရီးစဉ်များကိုလည်း မဖြစ်မနေ သွားရောက်ကြရသည့်အတွက် ကျောင်းသားဗိသုကာများ၊ ဝန်ထမ်းများနှင့်ဆရာ၊ ဆရာမများပါ တစ်ဦးကိုတစ်ဦး ကူညီရိုင်းပင်းစိတ်များ ပိုမိုထက်သန်လာကာ တိုင်းပြည်နှင့်လူမျိုးအတွက် တန်ဖိုးမဖြတ်နိုင်သော ရှေးဟောင်းယဉ်ကျေးမှုများ၊ ဓာတ်ပုံများနှင့် တည်ဆောက်ပုံနည်းစနစ်များကို လေ့လာဆည်းပူးခွင့် ရရှိခဲ့ကြသည်။

၁၉၇၄ မှ ၁၉၈၄ ခုနှစ် (တတိယ ၁၀ နှစ်)

ဗိသုကာဌာန စတင်ဖွင့်လှစ်ချိန်မှ ၁၉၈၀ ပြည့်နှစ်လွန်ချိန်အထိ သင်ကြားရေးအတွက် ဖွဲ့စည်းပုံအရ ခွင့်ပြုထားသည့် ဆရာအရေအတွက်ကို မဖြည့်ဆည်းနိုင်ခဲ့သဖြင့် ပြင်ပမှဗိသုကာဘွဲ့ရ ဆရာကြီးများနှင့် ဗိသုကာဆိုင်ရာတတ်ပညာကို ကျွမ်းကျင်သည့်ဆရာများက အချိန်ပိုင်းပါမောက္ခ Part Time Professor ဧည့်ကထိက Visiting Lecturers နှင့် အချိန်ပိုင်းကထိက Part Time lecturers များအဖြစ်မိမိတို့ အားသည့်အချိန်နှင့် စာသင်ချိန်များကို ညှိနှိုင်း၍လာရောက် သင်ကြားပေးခဲ့ကြသည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

၁၉၇၄ မှ ၁၉၇၆ ခုနှစ်များအတွင်း သင်ရိုးညွှန်းတမ်းပါပြဋ္ဌာန်းထားသည့် ဘာသာရပ်များကို ပုံမှန်သင်ကြားလေ့လာခြင်း၊ ဌာနတွင်းလှုပ်ရှားမှုများဆောင်ရွက်ခြင်းနှင့် ဌာနဆိုင်ရာမှ အကူအညီ တောင်းခံလာသည့် ကိစ္စရပ်များအတွက် Design Studio Projects များပြုလုပ်ခြင်းဖြင့် ကုန်လွန်စေခဲ့သည်။ ၁၉၇၄ ခုနှစ်တွင် ရန်ကုန်စက်မှုတက္ကသိုလ် အနုပညာအသင်းမှ ကြီးမှူး၍ ဌာနပေါင်းစုံပါဝင်သော ပဒေသာကပွဲကြီးတစ်ခုကို စည်းကားစွာဖြင့် ပြုလုပ်နိုင်ခဲ့သည်။ ထိုကပွဲတွင် ဗိသုကာဌာနမှ တင်ဆက်သည့် ‘တောဓလေ့အလှူ’ (မြန်မာ့ရိုးရာရှင်ပြုပွဲ) အမည်ရှိသည့် ရှင်လောင်းလှည့်ပွဲမှာ အထူးပင်လူကြိုက်များသဖြင့် ပရိသတ်တောင်းဆိုမှုကြောင့် တစ်ညတည်းနှစ်ကြိမ် တင်ဆက်ခဲ့ရသည်ကို ကြည့်ဖူးသူများ မှတ်မိကြပါမည်။

၁၉၇၆-၇၇ ပညာသင်နှစ်တွင် ဒေသကောလိပ်များစတင်ဖွင့်လှစ်ခဲ့ရာ ရန်ကုန်စက်မှုတက္ကသိုလ်တွင် ထိုနှစ်မှစ၍ ပထမနှစ်သင်တန်းများကိုလည်းကောင်း၊ ၁၉၇၇-၇၈ ခု ပညာသင်နှစ်မှစ၍ ဗိသုကာပညာသင်တန်း အပါအဝင် ဒုတိယနှစ်သင်တန်းများကိုလည်းကောင်း ရပ်ဆိုင်းခဲ့သည်။ ၁၉၇၈-၇၉ ပညာသင်နှစ်မှစ၍ ဒေသကောလိပ်မှ အောင်မြင်ပြီးသော အရည်အချင်းမီသည့်ကျောင်းသား (၇၃၀) ခန့် ဝင်ခွင့်ပြုခဲ့ရာ ဗိသုကာတတိယနှစ်သင်တန်းသို့ ကျောင်းသူ ကျောင်းသား (၂၀) ကျော်ခန့်ရောက်ရှိခဲ့ပြီး ယခင်ဒုတိယနှစ်တွင် သင်ကြားပေးသည့် ဗိသုကာအခြေခံဘာသာရပ်များအပြင် တတိယနှစ်မှ ဘာသာရပ်အချို့ကိုလည်း ထည့်သွင်းသင်ကြားပေးခဲ့ရသည်။ ဒေသကောလိပ်များဖွင့် လှစ်ခဲ့စဉ်ကာလက မုံရွာနှင့် ရွှေဘိုမြို့များရှိ ဒေသကောလိပ်တို့တွင် ဗိသုကာပညာနှင့် သက်ဆိုင်သည့် Wood Working Technology နှင့် Arts and Crafts ဘာသာရပ်များကို သင်ကြားပေးခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် ဒေသကောလိပ်ပညာရေးရပ်ဆိုင်းခဲ့ပြီး ၁၉၈၀-၈၁ ပညာသင်နှစ်မှစ၍ ယခင်တိုင်းအခြေခံပညာအထက်တန်း အောင်သူများထဲမှ သတ်မှတ်ချက်နှင့် ပြည့်မီသူများကို ရန်ကုန်စက်မှုတက္ကသိုလ်၏ ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ပြုခဲ့သည်။ (၆) နှစ်ပညာသင်ကြားရေး အစီအစဉ်များသည်လည်း ယခင်အတိုင်း ပြန်ဖြစ်ခဲ့သည်။

၁၉၇၉ ခုနှစ်သည် ဗိသုကာပညာ စတင်သင်ကြားခဲ့သည့် (၂၅) နှစ်မြောက် ငွေရတုအချိန် (၁၉၅၄-၁၉၇၉) ဖြစ်သောကြောင့် ရန်ကုန်စက်မှုတက္ကသိုလ် ပင်မဆောင် (၁) ၏ အလယ်မြက်ခင်းပြင်နှင့် ဘေးပတ်လည်နေရာများတွင် ဗိသုကာငွေရတုအထိမ်းအမှတ်ပြပွဲ၊ ဈေးရောင်းပွဲနှင့် အခြားပျော်ပွဲရွှင်ပွဲများ (R.I.T ရှိအင်ဂျင်နီယာနှင့် အထောက်အကူပြု ဘာသာရပ်ဆိုင်ရာဌာနများ အပါအဝင်) ကို ဗိသုကာဌာန၏ ဦးစီးဆောင်ရွက်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့သည်။ ထို့အတူ ရန်ကုန်တက္ကသိုလ် အဓိပတိလမ်းရှိ R.C (Recreation Centre) အဆောက်အအုံ၌ ကျောင်းသူ၊ ကျောင်းသားများ၏ Design Studio Projects ဆွဲပုံများ၊ ရုပ်လုံးပုံစံငယ်များနှင့် နှစ်စဉ်နီးပါး ကွင်းဆင်းတိုင်းတာခဲ့သည့် ရှေးဟောင်း အဆောက်အအုံများ (ဘုရား၊ စေတီ၊ ပုထိုးများအပါအဝင်) ၏ Measured Drawing များကိုပါ ခင်းကျင်း ပြသနိုင်ခဲ့ခြင်းကြောင့် လာရောက်ကြည့်ရှုသူများဖြင့် အလွန်စည်ကားခဲ့သည်။ ထိုနှစ်များအတွင်း ရန်ကုန်မြို့လယ်ရှိ လောကနတ်ပြခန်းတွင် ဗိသုကာနှင့်ဆက်စပ်သည့် ပြပွဲတစ်ခုကိုလည်း ပြုလုပ်ခဲ့သေးသည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

၁၉၈၄ ခုနှစ်တွင် ဗိသုကာဌာန၏ အထူးခြားဆုံးမှာ သင်ကြားရေးအပိုင်း၌ မြို့ရွာတည်ဆောက်မှု စီမံရေးနှင့် ဒီဇိုင်းဘွဲ့လွန် ဒီပလိုမာတစ်နှစ်သင်တန်း (D.S.P.D Diploma in Settlement Planning and Design) ကို စတင်ဖွင့်လှစ်ခဲ့ပြီး ဗိသုကာဌာနမှ ဆရာများ၊ ဗိသုကာဘွဲ့ရများနှင့် မြို့ပြ အင်ဂျင်နီယာဘွဲ့ရသူ အပါအဝင် စုစုပေါင်း(၆)ဦးကို D.S.P.D ဘွဲ့ အပ်နှင်းနိုင်ခဲ့ပြီး နောက်နှစ်များတွင်လည်း အဆိုပါသင်တန်းကို ဆက်လက်သင်ကြားပေးနိုင်ခဲ့သည်။

၁၉၈၄ မှ ၁၉၉၄ ခုနှစ် (စတုတ္တ ၁၀ နှစ်)

၁၉၈၀ ပြည့်လွန်နှစ်များမှ ၁၉၈၇-၈၈ ခုနှစ်များအထိ ဗိသုကာဌာန၏ ပညာရေးခရီးလမ်းကြောင်းတွင် အခက်အခဲအချို့ကို တွေ့ရှိခဲ့ကြရသည်။ ဒေသကောလိပ် ပညာရေးစနစ်ရပ်ဆိုင်းပြီး ရန်ကုန်စက်မှုတက္ကသိုလ် ပထမနှစ်တန်းသင်တန်းသို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိကြသူများထဲမှ ပထမနှစ် အောင်မြင်ပြီးချိန်တွင် ဗိသုကာဒုတိယနှစ်သင်တန်းသို့ တက်ရောက်သင်ကြားရန် ကျောင်းသူ၊ ကျောင်းသားများအား လျှောက်လွှာတင်စေ၍ ခေါ်ယူခဲ့သော်လည်း စိတ်ဝင်စား၍ ဝါသနာပါသူ အနည်းငယ်သာရှိခဲ့သည်။ ထို့ကြောင့် ပထမနှစ်အောင်မြင်သူများထဲမှ အမှတ်အနည်းဆုံး ကျောင်းသားအချို့ကို ဗိသုကာဒုတိယနှစ်သင်တန်းသို့ ပို့လွှတ်သင်ကြားစေခြင်းကြောင့် ကျောင်းသာ၊ ဆရာ ဌာနနှင့် တိုင်းပြည်အတွက်ပါ နစ်နာမှုများရှိခဲ့သည်။ သို့ရာတွင် ထိုအချိန်က ဗိသုကာဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် ဌာနမှူး၊ ဆရာများ၊ ဝန်ထမ်းများနှင့် အတန်းကြီး ကျောင်းသား ကျောင်းသူများ၏ ဝိုင်းဝန်းအားပေးကူညီမှုကြောင့် ကြုံတွေ့နေရသည့် ပြဿနာများကို တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်းနိုင်ခဲ့သည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

ဗိသုကာဌာနအနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသော်လည်း စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် ကျော်ဖြတ်နိုင်ခဲ့သည့်အတွက် ၁၉၈၈ မတိုင်မီအချိန်နှင့် ၁၉၉၁ ခုနှစ်နောက်ပိုင်း အချိန်ကာလများတွင် ဒုတိယနှစ် ဗိသုကာသင်တန်းသို့ တက်ရောက်သင်ကြားလိုသူ ကျောင်းသူ၊ ကျောင်းသား များလွန်းသောကြောင့် ၎င်းတို့၏အရည်အသွေးကို ပဏာမစစ်ဆေးပြီး သင့်တော်သူများကိုသာ လက်ခံသင်ကြားပေးသည့် အနေအထားသို့ ရောက်ရှိခဲ့သည်ကို ထိုအချိန်က ဗိသုကာများနှင့် တာဝန်ရှိသူများက သိရှိကြပြီးဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် နိုင်ငံခြားအခေါ်အဝေါ်မှ မြန်မာအသံအထွက် အခေါ်အဝေါ်မှ မြန်မာအသံထွက် အခေါ်အဝေါ်များသို့ ပြောင်းသောအခါ ‘ရန်ကုန်စက်မှုတက္ကသိုလ်’ ကို အင်္ဂလိပ်ဘာသာအားဖြင့် “Yangon Institute of Technology” Y.I.T ဟု ပြင်ဆင်ခေါ်ဝေါ်ခဲ့သည်။

၁၉၉၀-၁၉၉၂ ခုနှစ်များတွင် M.Phil (Master of Philosophy) ဘွဲ့ကို စာတမ်းများ ရေးသားတင်သွင်းခြင်းဖြင့် ဗိသုကာဌာနမှ ဆရာ(၃)ဦး ရရှိခဲ့ကြသည်။

၁၉၉၁ ခုနှစ်မှ ၁၉၉၄ ခုနှစ်များတွင်  ဗိသုကာဌာန၏ ပညာသင်ကြားရေးစနစ်သည် သိသာလောက်အောင် ပြောင်းလဲမှုမရှိခဲ့သော်လည်း ၁၉၉၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့သည့် ‘မန္တလေးစက်မှုတက္ကသိုလ်’ Mandalay Institute of Technology (M.I.T) တွင်  မြန်မာနိုင်ငံ၏ ဒုတိယမြောက် ဗိသုကာဌာနကို ၁၉၉၃ ခုနှစ်တွင် ထပ်မံ ဖွင့်လှစ်ခဲ့သည်။ M.I.Tသည် သီးခြားတက္ကသိုလ်ဖြစ်သောကြောင့် ဆရာများကို ဖွဲ့စည်းပုံအရ ခေါ်ယူခဲ့သော်လည်း လုံလောက်စွာ မရရှိခြင်းနှင့် ဝါရင့်ဆရာများ လိုအပ်နေခြင်းကြောင့် Y.I.T ရှိ ဗိသုကာဌာနမှ ဆရာများ အလှည့်ကျစနစ်ဖြင့် စေလွှတ်သင်ကြားပေးခဲ့သည်။

၁၉၉၄ မှ ၂၀၀၄ ခုနှစျ (ပဉ်စမ ၁၀ နှစျ၊ ရှှရေတု နှစျငါးဆယျပွညျ့)


            ထိုနှစ်များတွင် ပညာရေးအဆင့် မြင့်မားစေရန်နှင့် တက္ကသိုလ်ကောလိပ်များရှိ ဆရာများ၏ အရည်အသွေးကို တိုးတက်လာစေရန်ရည်ရွယ်ပြီး ဒီပလိုမာသင်တန်းအမျိုးမျိုးနှင့် မဟာဘွဲ့လွန်သင်တန်းများ (Master Degree) ပါရဂူဘွဲ့ (Ph.D) သင်တန်းများကို တိုးချဲ့ဖွင့်လှစ်ကာ တာဝန်ထမ်းဆောင်နေသည့် ဆရာများကို ဦးစွာတက်ရောက်သင်ယူစေခြင်းဖြင့် အတတ်ပညာနှင့် အသိပညာရပ်များကို မြင့်မားစေခဲ့သည်။

Y.I.T ရှိ ဗိသုကာဌာနတွင် ၁၉၉၇ ခုနှစ်၌ ပထမဆုံးသော M.Arch ဘွဲ့ကို ဆရာ(၁)ဦးက ရရှိခဲ့ပြီး၊ ၁၉၉၈ ခုနှစ်တွင် နောက်ထပ်ဆရာ(၅)ဦးက ရယူနိုင်ခဲ့သည်။ ထိုအချိန်ကာလတွင် တိုးတက် ဆန်းသစ်လာသည့် နည်းပညာရပ်များကို  ပိုမိုသင်ယူနိုင်ရန်နှင့် သုတေသနပြုလုပ်၍ လေ့လာသုံးသပ်နိုင်ရန်အတွက် Y.I.T နှင့် M.I.T အမည်တို့ကို ပိုမိုဆီလျော်သည့် Y.T.U နှင့် M.T.U (Yangon/Mandalay Technological University) ရန်ကုန်/မန္တလေးနည်းပညာတက္ကသိုလ်ဟူ၍ ပြောင်းလဲခဲ့သည်။

M.Arch ဘွဲ့ရရှိခဲ့ပြီးသူ ဆရာများထဲမှ ဆရာမဒေါ်ဆွေဆွေအေး (ယခု Y.T.U ဗိသုကာဌာနမှူး ပါမောက္ခ ဒေါက်တာဆွေဆွေအေး) သည် Ph.D ဘွဲ့ရယူနိုင်ရန်အတွက် ကြိုးစားအားထုတ်ခဲ့ခြင်းကြောင့် ၂၀၀၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော ဗိသုကာပါရဂူဘွဲ့ Ph.D (Architecture) ကို ထိုက်တန်စွာဖြင့် ဗိသုကာရွှေရတုကို ဂုဏ်ပြုကြိုဆိုသည့် အနေဖြင့် ဆွတ်ခူးရယူနိုင်ခဲ့သည်ကို ဝမ်းမြောက်စွာ တွေ့ရှိရသည်။

Y.T.U ရှိ ဗိသုကာဌာနတွင် ၁၉၉၈ ခုနှစ်မှစ၍ ညနေပိုင်း ဒီပလိုမာသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားလေ့ကျင့်ပေးခဲ့ရာ ၂၀၀၀ ခုနှစ်တွင် သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတို့သည် ပထမဦးဆုံးသော ဒီပလိုမာသင်တန်းဆင်းလက်မှတ် Architectural Design and Planning Technology ကို ရရှိခဲ့ကြသည်။


            ရန်ကုန်နည်းပညာတက္ကသိုလ်ရှိ ဗိသုကာဌာနသည် ၂၀၀၂ ခုနှစ်ဦးပိုင်းတွင် လှိုင်တက္ကသိုလ်နယ်မြေ၌ စံပြအင်ဂျင်နီယာ မဟာဗိသုကာသင်တန်း ပထမအသုတ် First Batch ကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါသင်တန်းမှ M.Arch ဘွဲ့ရရှိခဲ့သူများအနက် (၁၀)ဦးကို ၂၀၀၃ ခုနှစ်တွင် ပါရဂူဘွဲ့ Ph.D သင်တန်းသားများအဖြစ် ဆက်လက်သင်ကြားပေးလျက်ရှိသည်။ ၂၀၀၄ ခုနှစ်ဦးပိုင်းတွင်လည်း ပုံမှန် မဟာဗိသုကာသင်တန်း ပထမအသုတ်ကို လှိုင်သာယာနယ်မြေ၌ ဖွင့်လှစ်ခဲ့သည်။

Y.T.U ရှိ ဗိသုကာဌာနတွင် အချိန်ပိုင်းကထိကအဖြစ် နှစ်ပေါင်းများစွာ ဆောင်ရွက်လျက်ရှိပြီး ယခု A.M.A (Association of Myanmar Architects) အသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးဆန်းဦး (Design 2000) နှင့် ဗိသုကာဌာန၏ ဒု-ဌာနမှူးဖြစ်သူ ဆရာဦးလှိုင် (ကထိက)တို့သည် Ph.D ဘွဲ့ရယူရန်အတွက် စာတမ်းများ ပြုစုရေးသားတင်ပြလျက်ရှိသည်။

ယခုအချိန်တွင် Y.T.U ရှိ ဗိသုကာဌာန၌ ဘွဲ့ကြိုသင်တန်းသားများအားလုံး ဗိသုကာဘွဲ့ B.Arch ရရှိသွားကြပြီး စံပြအင်ဂျင်နီယာ၊ ပါရဂူ Ph.D သင်တန်းနှစ်သုတ်နှင့် ပုံမှန်မဟာဗိသုကာသင်တန်း M.Arch နှစ်သုတ်တို့ကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။

မန္တလေးနည်းပညာတက္ကသိုလ်ရှိ ဗိသုကာဌာန


            ၁၉၉၉ ခုနှစ်တွင် M.T.U ဗိသုကာဌာန၌ စံပြ အင်ဂျင်နီယာ ဒုတိယနှစ်ဗိသုကာသင်တန်းကို ဖွင့်လှစ်သည်။ (၅) နှစ်သင်တန်းဖြစ်၍ ရန်ကုန်မှ ဆရာများ သွားရောက်သင်ကြားပေးကြသဖြင့် မန္တလေး၌ပင် နောက်ဆုံးနှစ်အထိ သင်ယူနိုင်ကြသည်။ ၂၀၀၀ ပြည့်နှစ်နောက်ပိုင်းတွင် ပုံမှန်ဗိသုကာသင်တန်းများကိုလည်း ဆဋ္ဌမနှစ်အထိသင်ပေးနိုင်ခဲ့သည်။

၂၀၀၄ ခုနှစ်ဦးပိုင်းတွင် M.T.U ဗိသုကာဌာန၌ ပုံမှန်မဟာဗိသုကာသင်တန်း First Batch ကိုလည်းကောင်း၊ နှစ်လယ်ပိုင်းတွင် Second Batch ကိုလည်းကောင်းဖွင့်လှစ်သင်ကြားပေးနေကာ၊ နှစ်ကုန်ပိုင်းတွင် စံပြအင်ဂျင်နီယာ Fifth Batch အောင်မြင်ပြီးသူများကိုလည်း မဟာဗိသုကာသင်တန်း ဖွင့်လှစ် သင်ကြားပေးလျက်ရှိသည်။

ပြည်နည်းပညာတက္ကသိုလ်ရှိ ဗိသုကာဌာန

ပြည်နည်းပညာတက္ကသိုလ်တွင် ဗိသုကာဌာနကို ၁၉၉၇-၉၈ စာသင်နှစ်မှစ၍ ထားရှိကာ ဗိသုကာသင်တန်းများကို Y.T.U မှဆရာများကပင် အလှည့်ကျ သွားရောက်သင်ကြားပေးလျက်ရှိသည်။ ၂၀၀၃ ခုနှစ်အထိ ဘွဲ့ယူစာတမ်းတင်သွင်းခြင်းများကို P.T.U ၌ပင်ဆောင်ရွက်ခဲ့ပြီး ၂၀၀၄ ခုနှစ်အတွင်း တင်သွင်းသည့် ဘွဲ့ယူစာတမ်းများကို Y.T.U ရှိ ဗိသုကာဌာနသို့ ပြောင်းရွှေ့ပြုလုပ်ခဲ့သည်။

ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ရှိ ဗိသုကာဌာန

ပြင်ဦးလွင် တပ်မတော်နည်းပညာ တက္ကသိုလ်တွင် ဗိသုကာသင်တန်းဖွင့်လှစ်ရန်ရည်ရွယ်ပြီး ဗိသုကာပညာရှင် တပ်မတော်အရာရှိတစ်ဦးမှ ဌာနမှူးတာဝန်ယူ၍ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရန်ကုန်နှင့် မန္တလေးအစိုးရနည်းပညာကောလိပ်ရှိ ဗိသုကာဌာနများ


ဗိသုကာဌာနမှူးများနှင့် ဆရာများ

ဗိသုကာဌာန စတင်ဖွင့်လှစ်သည့် ၁၉၅၄ ခုနှစ်မှ ၂၀၀၄ ခုနှစ်၊ ရွှေရတုခရီးစဉ်အတွင်း ဗိသုကာနှင့် ဆက်နွယ်သည့် အတတ်ပညာအမျိုးမျိုးကို ဘာသာရပ်များအလိုက် သင်ကြားပေးခဲ့ကြသည့်ဆရာများသည် B.O.C College မှသည် B.I.T,R.I.T နှင့် Y.I.T ထို့နောက် Y.T.U အထိအချိန်ပြည့်နှင့် အချိန်ပိုင်းဆရာ စုစုပေါင်း(၅၀) ကျော်ခန့်ရှိခဲ့သည်။ နှစ်စဉ် အချိန်ပြည့်တာဝန် ထမ်းဆောင်နိုင်သည့်ဆရာ (၆) ဦးမှ (၁၂)ဦးခန့် သာရှိခဲ့ပြီးအချိန်ပိုင်းဆရာများက ကူညီသင်ကြားပေးလျက်ရှိသည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

ရန်ကုန်ရှိဗိသုကာဌာနတွင် ဌာနမှူးတာဝန် ဆောင်ရွက်ခဲ့သည့်ဆရာများ

၁။ B.K. Dhar  (၁၉၅၄-၁၉ ?)

၂။ ဦးကျော်မင်း (၁၉ ?-၁၉ ?)

၃။ Mr. Roger Johnson (၁၉ ?-  ၁၉ ?)

၄။ ဦးသာထွန်း (၁၉ ?-၁၉၆ ?)

၅။ ပါမောက္ခ ဦးမျိုးမြင့်စိန် (၁၉၆ ?-၁၉၈၀)

၆။ ပါမောက္ခ ဒေါက်တာမောင်ကျော် (၁၉၈၀-၁၉၉၀)

၇။ ပါမောက္ခ ဒေါက်တာလွင်အောင် (၁၉၉၀-၁၉၉၄)

၈။ ပါမောက္ခ ဒေါက်တာလှသန်း (၁၉၉၄-၂၀၀၀)

၉။ တွဲဖက်ပါမောက္ခ ဒေါ်မင်းသက်မွန် (၂၀၀၀-၂၀၀၂)

၁၀။ ပါမောက္ခ ဒေါက်တာဆွေဆွေအေး (၂၀၀၂-ယနေ့ထိ)

M.I.T, M.T.U ရှိ ဗိသုကာဌာနတွင် ၁၉၉၃ မှ ၂၀၀၄ ခုနှစ်ထိ အချိန်ပြည့်နှင့် အချိန်ပိုင်းဆရာ စုစုပေါင်း (၂၀) ဦးခန့် ရှိခဲ့ပြီး နှစ်စဉ်အချိန်ပြည့် တာဝန်ထမ်းဆောင်နိုင်သည့် ဆရာ(၃)ဦး မှ (၈)ဦးခန့်အထိရှိသည်။

မန္တလေးရှိဗိသုကာဌာနတွင် ဌာနမှူးတာဝန် ဆောင်ရွက်ခဲ့သည့်ဆရာများ

၁။ ဒေါ်မင်းသက်မွန် (၁၉၉၃-၁၉၉၄)

၂။ ဦးသန်းတင့်အောင် (၁၉၉၄- ၁၉၉၆)

၃။ ဒေါ်ဆွေဆွေအေး (၁၉၉၆-၁၉၉၇)

၄။ ဦးထွန်းထွန်းဦး (၁၉၉၇  – ယနေ့ထိ)

– ပြည်နယ်ပညာတက္ကသိုလ်တွင် ဗိသုကာဌာနရှိသော်လည်း ဌာနမှူးအဖြစ်လည်းကောင်း၊ တာဝန်ခံဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်း မရှိသည့်အတွက် Y.T.U မှဆရာများနှင့် ဧည့်သည်ဆရာ၊ဆရာမများက အလှည့်ကျ သွားရောက် သင်ကြားပေးကြသည်။ ဌာနမှူး၏တာဝန်များကို Y.T.U ရှိ ဗိသုကာဌာနမှူးကပင် စီမံဆောက်ရွက်လျက်ရှိသည်။

– ပြင်ဦးလွင် တပ်မတော်နည်းပညာတက္ကသိုလ်ရှိ ဗိသုကာဌာနမှူးတာဝန်ကို ဗိသုကာပညာရှင် ဗိုလ်မှူးစိုးဝင်းက ထမ်းဆောင်လျက်ရှိပြီး သင်တန်းများဖွင့်လှစ်နိုင်ရန် ကြိုတင်လုပ်ငန်းများ ဆောက်ရွက်လျက်ရှိသည်။

– ရန်ကုန် G.T.C (သန်လျင်)ရှိ ဗိသုကာဌာနတွင် ဌာနမှူးအဖြစ် ဒေါ်နှင်းကေခိုင်က ဆောင်ရွက်လျက်ရှိပြီး ၎င်းအပါအဝင် ဆရာအင်အား (၅)ဦးရှိသည်။

– မန္တလေး G.T.C ရှိ ဗိသုကာဌာနမှူးမှာ ဒေါ်မိုးမိုးခိုင်ဖြစ်သည်။ ၎င်းနှင့်အတူ ဆရာ(၅)ဦးရှိသည်။

ဗိသုကာဌာနများ၏ သင်ကြားရေးစနစ်

Photo – ရွက်နုဝေမဂ္ဂဇင်း

– ၁၉၅၄ ခုနှစ် B.O.C College (သထုံလမ်း) သင်တန်းကာလ(၄)နှစ်၊

– ၁၉၅၈ ခုနှစ် အင်ဂျင်နီယာကောလိပ် (ပြည်လမ်း) သင်တန်းကာလ(၅)နှစ်၊

– ၁၉၆၄ ခုနှစ် R.I.T (ကြို့ကုန်း၊ အင်းစိန်) သင်တန်းကာလ (၆)နှစ်၊ ထိုအခ်ျိန်မှ ၂၀၀၄ ခုနှစ်ကုန်ပိုင်းအထိ ဖွင့်လှစ်ခဲ့သော Y.T.U, M.T.Uနှင့် P.T.U ရှိ ပုံမှန် ဗိသုကာသင်တန်းအားလုံးသည် စာသင်ချိန်ကာလကွာခြားမှုရှိသော်လည်း သင်တန်းကာလမှာ (၆)နှစ် ဖြစ်သည်။

– ၁၉၉၉ ခုနှစ်တွင် M.T.U ၌ ဖွင့်ခဲ့သည့် စံပြအင်ဂျင်နီယာ သင်တန်းကာလ(၅) နှစ်၊

– ၂၀၀၂ ခုနှစ် စနစ်သစ်ပညာရေးအစီအစဉ်အရ G.T.C များရှိ ဗိသုကာသင်တန်းများသည် A.G.T.I အဆင့် (၂) နှစ်+ B.Tech အဆင့် (၂)နှစ် နှင့် B.Arch အတွက် (၁) နှစ်ပေါင်း (၅) နှစ်။

– သင်တန်းကာလများ (၄)နှစ်၊ (၅)နှစ်နှင့် (၆)နှစ် ဖြစ်နေသော်လည်း သင်ကြားပေးသည့် အထောက်အကူပြု ဘာသာရပ်များနှင့် အဓိကဘာသာရပ်များမှာ တူညီမှုအနီးစပ်ဆုံးရှိနေပြီး၊ ဗိသုကာသင်တန်း၏ သော့ချက်ဖြစ်သည့် Design Studio Projects များသည် သင်တန်းကာလနှင့် အချိန်ရရှိမှုပေါ်မူတည်၍ ဘွဲ့ယူစစ်တမ်း မစတင်မီ အချိန်အထိ ဗိသုကာကျောင်းသားတစ်ဦးသည် Design Studio ပါရှိသည့် စာသင်နှစ်များအားလုံးအတွက် Projects မျိုးစုံ (၂၀ မှ ၂၆) ခန့်ကိုပုံစံထုတ်ရေးဆွဲပြီး ခုံတင်စစ်ဆေးခြင်း Project Jury များ ပြုလုပ်ခဲ့ရသည်။

– ဗိသုကာသင်တန်းစတင်ချိန်မှ ယခုအချိန်အထိ ဗိသုကာဘွဲ့ B.Arch ရယူရန်အတွက် ဗိသုကာကျောင်းသားများသည် ဘွဲ့ယူစစ်တမ်း Final Year Thesis များရေးသားပြီး၊ ပုံစံများရေးဆွဲကာ (များသောအားဖြင့် ရုပ်လုံးပုံစံငယ် Model ပါပြုလုပ်ကြရသည်။) ဌာနရှိဆရာများ၊ ပြင်ပမှဆရာများ၊ အထူးဧည့်သည်များနှင့် ဗိသုကာများ၊ ကျောင်းသူ၊ ကျောင်းသားများ၏ ရှေ့မှောက်တွင် ဘွဲ့ယူစစ်တမ်း ခုံတင်စစ်ဆေးခြင်း Final Year Thesis Jury ကိုပြုလုပ်ပြီးမှသာ ဗိသုကာဘွဲ့ကို ရယူ ဆွတ်ခူးနိုင်ခဲ့ကြသည်။

– သင်တန်းအသီးသီးရှိ ဘာသာရပ်အချို့သည် သက်ဆိုင်ရာစာအုပ်စာတမ်းများကို ဖတ်ရှု လေ့လာသုံးသပ်၍ လည်းကောင်း၊ လပ်တွေ့ကွင်းဆင်းကြည့်ရှုပြီး စာရင်းဇယားများပြုစု၍လည်းကောင်း၊ စာတမ်းငယ်များ Term Paper ကိုရေးသား တင်ပြရသည်။ တစ်ခါတစ်ရံ ဝန်ကြီးဌာနအသီးသီးက အကူအညီ တောင်းခံလာသည့် အမျိုးမျိုးသော Design များကိုလည်း Short Project များပြုလုပ်ပြီး ဆောင်ရွက်ပေးခဲ့ရသည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

– ဗိသုကာဌာနအနေဖြင့် အဆောက်အအုံအမျိုးမျိုး၏ ဒီဇိုင်းပုံစံအသစ်များကို စနစ်တကျ ရေးဆွဲတတ်ရန် သင်ကြားပေးသည်သာမက တည်ဆောက်ပြီးသော အဆောက်အအုံများ (အထူးသဖြင့် သမိုင်းဝင်ရှေးဟောင်းစေတီ၊ ပုထိုး၊ ကျောင်းနှင့် အဆောက်အအုံများ)၏ ဗိသုကာအတတ်ပညာများနှင့် ယဉ်ကျေးမှုအမွေအနှစ်များကို လေ့လာထိန်းသိမ်းနိုင်ရန်အတွက်ပါ ရည်မှန်းပြီး၊ အဆောက်အအုံများ တိုင်းတာမှတ်တမ်းရေးဆွဲခြင်း Measured Drawing များကိုလည်း ဗိသုကာကျောင်းသားတစ်ဦးအတွက် ဘွဲ့မယူမီနှစ်များအတွင်း နည်းဆုံး(၁) ကြိမ်မှ (၃) ကြိမ်အထိ ကွင်းဆင်းတိုင်းတာရန် စီစဉ်ထားရှိသည်။

သိပ္ပံနှင့်နည်းပညာများ တိုးတက်ထွန်းကားလာသည့် အနေအထားများအရ ဗိသုကာဌာနများတွင် Computer ဖြင့်ပုံစံရေးဆွဲခြင်း၊ မှတ်တမးတင်ထားရှိခြင်း၊ Internet မှတစ်ဆင့် သတင်းအချက်အလက်များ ရယူပေးပို့ခြင်း၊ Power Point ဖြင့် ပြသသင်ကြားခြင်းများကိုလည်း တိုးချဲ့ဆောင်ရွက်ထားရှိသည်။

နှစ်(၅၀) ရွှေရတုခရီးစဉ်အတွင်း ဗိသုကာဌာနများက ပို့ချခဲ့သည့် သင်တန်းအမျိုးအစားများနှင့် ပေးအပ်ခဲ့သည့် ဘွဲ့ဒီဂရီများ

– ၁၉၅၄ ခု မှ ၂၀၀၄ ခုနှစ် => ဗိသုကာဘွဲ့သင်တန်းများ => B.Arch ဘွဲ့ (ပထမဦးပိုင်းကာတွင် B.Sc (Engg) (Architecture) ဘွဲ့ (ဘွဲ့ရဗိသုကာပညာရှင်စုစုပေါင်း (၈၀၀)ကျော်)

– ၁၉၈၄-၂၀၀၄ ခုနှစ် => ဘွဲ့လွန်ဒီပလိုမာ သင်တန်း D.S.P.D ဘွဲ့ (ဘွဲ့ရဒီပလိုမာ (၄၃))

– ၁၉၉၀-၂၀၀၄ ခုနှစ် => မဟာဒဿနဘွဲ့ စာတမ်းပြုစုခြင်း M.Phil ဘွဲ့ (M.Phil ဘွဲ့ရ(၃)ဦး)

– ၁၉၉၇-၂၀၀၄ ခုနှစ် => မဟာဗိသုကာဘွဲ့သင်တန်း M.Arch ဘွဲ့ (M.Arch ဘွဲ့ရ(၇၁)ဦးရှိ (လှိုင်သာယာ (၁၈)ဦးအပါ)၊ M.Arch သင်တန်းတက်နေသူ (၄၄) ဦးရှိ)

– ၂၀၀၀-၂၀၀၄ ခုနှစ် => ပါရဂူဘွဲ့သင်တန်း PH.D ဘွဲ့ (Ph.D ဘွဲ့ရ(၁) ဦး၊ စာတမ်းပြုစုတင်ပြနေသူ (၂) ဦး စာတမ်းပြုစုရန် ဆောင်ရွက်နေသူ (၁၀)ဦးနှင့် ပါရဂူသင်တန်း စတင်တက်ရောက်နေသူ (၁၂)ဦး)

– ၁၉၉၈-၂၀၀၄ ခုနှစ် => ညနေပိုင်း ဒီပလိုမာသင်တန်း  => A.D.P.T ဒီပလိုမာလက်မှတ် (ဒီပလိုမာသင်တန်းဆင်း လက်မှတ်ရရှိသူ (၉၀) ဦးခန့်)

– ၂၀၀၀-၂၀၀၄ ခုနှစ် => ဗိသုကာဆိုင်ရာနည်းပညာဘွဲ့သင်တန်း => B.Tech (Architecture) ဘွဲ့ (B.Tech ဘွဲ့ရရှိသူ (၄၀)ဦးခန့်)

– ၂၀၀၀-၂၀၀၄ ခုနှစ် => ရန်ကုန်(သန်လျင်)နှင့် မန္တလေးမြို့ရှိ G.T.C များတွင် ဖွင့်လှစ်ထားသည့် ဗိသုကာ အတတ်ပညာဆိုင်ရာသင်တန်းများ။

– A.G.T.I ဒီပလိုမာလက်မှတ်

– B.Techဘွဲ့

– B.Arch ဘွဲ့

မှတ်ချက်။         ။ အထက်ဖော်ပြပါစာရင်းများနှင့် အကြောင်းအရာများကို စုဆောင်းရရှိသမျှ အချက်အလက်များအပေါ် အခြေခံ၍ တင်ပြထားခြင်းဖြစ်သည်။ ကွဲလွဲမှုများရှိပါက နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။

ဗိသုကာဌာနများတွင် တင်သွင်းခဲ့သည့် စာတမ်းများ

ဗိသုကာပညာသင်ကြားရေးစနစ်အရ စာတမ်းအမျိုးမျိုးကို ရေးသားတင်သွင်းခဲ့ကြသည်။ ၎င်းတို့မှာ

-ဘာသာရပ်ဆိုင်ရာစာတမ်းငယ်များ Term Paper

-ဗိသုကာဘွဲ့ယူစစ်တမ်းများ B.Arch Thesis

-ဘွဲ့ဘွန်ဒီပလိုမာစစ်တမးများ Diploma Thesis

-မဟာဒဿနဘွဲ့ယူစစ်တမ်းများ M.Phil Thesis

-မဟာဗိသုကာဘွဲ့ယူစစ်တမ်းများ M.Arch Thesis

-ပါရဂူဘွဲ့ယူစစ်တမ်းများ Ph.D.Thesis

အဆိုပါစာတမ်းများနှင့် စစစ်တမ်းများ၏ သင်တန်းနှစ်အလိုက် ခေါင်းစဉ်များကို စုဆောင်းရရှိထားပြီး ၎င်းတို့ကို တူညီနီးစပ်သည့် အမျိုးအစားများခွဲခြားလိုက်သည့်အခါ အောက်ပါ အုပ်စုခေါင်းစဉ်များ ရရှိခဲ့သည်။

(၁) ဘာသာရေးနှင့် သက်ဆိုင်သည့်ခေါင်းစဉ်များ – (ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံ၊ သာသနာ့ရိပ်သာများ)

(၂) ပညာရေးနှင့် သက်ဆိုင်သည့်ခေါင်းစဉ်များ – (စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်၊ ကျောင်းဆောင်များ၊ ဘွဲ့နှင်းသဘင်နှင့် စာကြည့်တိုက်များ)

(၃) ကျန်းမာရေးနှင့် သက်ဆိုင်သည့်ခေါင်းစဉ်များ – (ဆေးရုံ၊ သူနာပြုသင်တန်းကျောင်း၊ Health Club နှင့် Fitness Centre များ)

(၄) အားကစားနှင့် သက်ဆိုင်သည့်ခေါင်းစဉ်များ – (အားကစားကွင်းများ၊ အားကစားရုံများ၊ ရေကူးကန်များ၊ အားကစား သင်တန်းကျောင်း)

(၅) လူမှုရေးဆိုင်ရာခေါင်းစဉ်များ – (ဘိုးဘွားရိပ်သာများ၊ လူငယ်သင်တန်းကျောင်းများ၊ မိဘမဲ့ဂေဟာ၊ စုဝေးခန်းမဆောင်များ)

(၆) ယဉ်ကျေးမှုဆိုင်ရာခေါင်းစဉ်များ – (အနုပညာကျောင်းများ၊ ပြတိုက်များ၊ ကဇာတ်ရုံများ၊ တိုင်းရင်းဆိုင်ရာလေ့လာချင်းများ)

(၇) စီးပွားရေးဆိုင်ရာခေါင်းစဉ်များ – ( ကုန်တိုက်များ၊ ဈေးရုံကြီးများ၊ ဘဏ်တိုက်များ၊ ကုန်သွယ်မှုဗဟိုဌာနများ)

(၈) ဟိုတယ်ဆိုင်ရာခေါင်းစဉ်များ – (Hotel, Motel, Rest House နှင့် အပန်းဖြေစခန်းများ)

(၉) အုပ်ချုပ်ရေးဆိုင်ရာခေါင်းစဉ်များ – (စုပေါင်းရုံး၊ တရားရုံး၊ ရဲစခန်း၊ မီးသတ်စခန်း၊ စည်ပင်သာယာရေးရုံးများ)

(၁၀) မြို့ပြဆိုင်ရာခေါင်းစဉ်များ – (Condominium, Apartment, Model Village, Town Planning, Landscaping)

(၁၁) သယ်ယူပို့ဆောင်ရေးဆိုင်ရာခေါင်းစဉ်များ – (Airport Terminal, Railway Station, Bus Terminal)


ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်းများ

ဗိသုကာဌာန၏ သင်ကြားရေးစနစ်တွင် ကွင်းဆင်းတိုင်းတာခြင်း Measured Drawing လုပ်ငန်းများလည်း ပါဝင်သဖြင့် အခွင့်အခါသင့်သည့်နှစ်များတွင် မြန်မာနိုင်ငံဒေသအသီးသီးရှိ ဘုရား၊ စေတီ၊ ပုထိုးနှင့် ဘုန်းကြီးကျောင်းများအပါအဝင် မှတ်တမ်းတင်သင့်သည့် ရှေးဟောင်းအဆောက်အအုံများကို ကွင်းဆင်းတိုင်းတာခဲ့သည်မှာ ၂၀၀၄ ခု ရွှေရတုအချိန်အထိပင်ဖြစ်သည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

ကွင်းဆင်းတိုင်းတာရာတွင်း ကျောင်းသူ ကျောင်းသားများအနေဖြင့် မိမိတို့၏စရိတ်ဖြင့် လိုက်ပါဆောင်ရွက်ရပြီး အနည်းဆုံး (၇) ရက်မှ (၂၀) ရက်ခန့်အထိ ကြာမြင့်ခဲ့သည်။ မှတ်တမ်းတင်ပုံများကို သတ်မှတ်ချိန်အတွင်း အပြီးရေးဆွဲရသဖြင့် ငွေကုန် လူပန်းသော်လည်း တန်ဖိုးမဖြတ်နိုင်သည့် ယဉ်ကျေးမှုအမွေအနှစ်များ၊ ဗိသုကာလက်ရာများကို လေ့လာသိရသည့်အပြင် ဒေသခံပြည်သူများနှင့် လည်းကောင်း၊ မိမိတို့အုပ်စုအတွင်း၌လည်းကောင်း ပိုမိုရင်းနှီးမှုရရှိခဲ့ကြသည်။ အထူးသဖြင့် ပုဂံနှင့် မြောက်ဦးဒေသတို့တွင် တိုင်းတာခဲ့ကြသည့် မှတ်တမ်းပုံများသည် နောင်အခါပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ (၁၉၇၅ခုနှစ် ပုဂံငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် ဘုရား၊ စေတီ၊ ပုထိုးများ ပြန်လည်ပြုပြင်တည်ဆောက်ရာတွင် များစွာအထောက်အကူ ရရှိခဲ့သည်) နှင့် သုတေသနလုပ်ငန်းများ၊ လေ့လာသုံးသပ်သည့် စာတမ်းများအတွက် အကျိုးပြုခဲ့သည်။ ထို့ပြင် အဆင့်မြင့်ပညာဦးစီးဌာနမှ ၁၉၈၉ ခုနှစ်တွင် ပုဂံဒေသရှိ ကွင်းဆင်းတိုင်းတာခဲ့သည့် စေတီ၊ ပုထိုး (၁၇)ဆူကို ပုံနှိပ်ဖြန့်ချိခဲ့သဖြင့် ပြည်တွင်းပြည်ပစိတ်ပါဝင်စားသူများ လေ့လာသိရှိခွင့် ရရှိခဲ့သည်။


Photo – ရွက်နုဝေမဂ္ဂဇင်း

ထူးခြားသည့် ဖြစ်စဉ်မှာ မြောက်ဦးခရီးဖြစ်သည်။

(က) ၁၉၇၂-၇၃ ခုနှစ်နှင့် ၁၉၉၅ ခုနှစ်တို့တွင် ရခိုင်ပြည်နယ် မြောက်ဦးဒေသရှိ ရှေးဟောင်းဘုရား၊ စေတီ၊ ပုထိုးများကို (၂) ကြိမ် သွားရောက်တိုင်းတာခဲ့ခြင်းဖြစ်သည်။ ကြားကာလ (၂၃) နှစ်ခန့်ကွာခြားပြီး ပထမအကြိမ်တွင် စေတီ၊ ပုထိုး (၁၃) ဆူနှင့် မြို့ရိုး၊ ဂိတ်တံခါးများကိုလည်းကောင်း၊ ဒုတိယအကြိမ်တွင် စေတီ၊ ပုထိုး ၁၈ ဆူ(၁၃+၅) နှင့် မြို့ရိုး၊ ဂိတ်တံခါးများကိုလည်းကောင်း တိုင်းတာပြီး မှတ်တမ်းပုံများ အပြီးသတ် ရေးဆွဲနိုင်ခဲ့သည်။

(ခ) သွားလာရေးလမ်းကြောင်း သုံးမျိုးလုံး (ကုန်းလမ်း၊ လေကြောင်းလမ်းနှင့် ရေကြောင်းလမ်း) အသုံးပြုရပြီး ကုန်ကျစရိတ်လည်းများသဖြင့် နေထိုင်သည့်ရက် တိုးမြှင့်ကာ ခရီးတစ်ခေါက်တည်းတွင် စေတီ၊ ပုထိုးအရေအတွက် အများဆုံးတိုင်းတာခဲ့ခြင်း ဖြစ်သည်။


(ဃ) ပထမအခေါက်တွင် ရှေးဟောင်းသုတေသန ဦးစီးဌာနမှလည်းကောင်း၊ ဒုတိယအခေါက်တွင် ဒေသခံတပ်ရင်းတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများကလည်းကောင်း ဆရာနှင့်ကျောင်းသူ၊ ကျောင်းသားများ၏ နေထိုင်၊ စားသောက်ခြင်း ကိစ္စများ (ခရီးစရိတ်များမပါ) ကို တာဝန်ယူဆောင်ရွက်ပေးခဲ့ကြသည်။

(င) မြောက်ဦးသို့ရောက်ရှိနေစဉ်ကာလအတွင်း ပထမ အခေါက်တွင် ရခိုင်ရိုးရာယဉ်ကျေးမှု အတာသဘင်နှင့် ရခိုင်ကျင်ပွဲကို ပါဝင်ဆင်နွှဲခဲ့ပြီး၊ ဒုတိယအခေါက်တွင် ဒေသခံပြည်သူများနှင့် ချစ်ကြည်ရေးအားကစားပွဲ ပြုလုပ်ခြင်း၊ စခန်းသိမ်းပွဲတွင် တိုင်းတာရေးဆွဲထားသည့် မှတ်တမ်းပုံကို ပြပွဲသဖွယ် ရှင်းလင်းတင်ပြခြင်း၊ မိမိတို့အားဧည့်ခံကျွေးမွေးခဲ့သည် ဆရာ၊  ဆရာမများနှင့် ဝန်ထမ်းများကို ညနေစာဖြင့် ပြန်လည်ကျွေးမွေး ဧည့်ခံခြင်း၊ ညပိုင်းတွင် ပဒေသာကပွဲဖြင့် အပြန်အလှန်သီဆိုကပြခြင်းများကို အမှတ်ရဖွယ် ပြုလုပ်ခဲ့သည်။

စုဆောင်းရရှိသည့်စာရင်းမာ်းအရ ၁၉၅၈ ခု မှ ၂၀၀၄ ခုနှစ်အတွင်း ဒေသအသီးသီး၌ ကွင်းဆင်းတိုင်းတာခဲ့သည့် မှတ်တမ်းပုံများသည် စုစုပေါင်း (၉၈) ခု (မြောက်ဦး ၈+ ပုဂံ ၂) (၂ခါ ပြန်တိုင်းအပါအဝင်)= ၈၈ ခုရှိသည်။ ၎င်းတို့မှာ ဘုရား၊ စေတီ၊ ပုထိုး၊ ဘုန်းကြီးကျောင်းနှင့် ရှေးဟောင်းအဆောက်အအုံများကို အောက်ဖော်ပြပါ အရေအတွက်အတိုင်း တွေ့ရရှိသည်။

(၁) စေတီ၊ ပုထိုး ၂၄ (Stupa)

(၂) ဘုရားကျောင်း ၃၃ (Temple)

(၃) သိမ် ၁ (Thein)

(၄) ပိဋကတ်တိုက် ၁ (Pitaka Taik)

(၅) ဘုန်းကြီးကျောင်း ၂၃ (Monastery)

(၆) အိမ် ၃ (House)

(၇) အဆောင် ၂ (Pavilion)

(၈) မြို့နယ်မြေပုံ ၁ (Map of Chaung Oo Township)

စုစုပေါင်း ၈၈

ထို့ပြင် မြောက်ဦးမြို့ဟောင်းနှင့် နန်းတော်၏မြို့ရိုးပုံများ၊ ဂိတ်တံခါးများနှင့် ရေတံခါးပုံများကိုလည်း တိုင်းတာ၍ မှတ်တမ်းပုံများရေးဆွဲခဲ့ပါသည်။

နိုင်ငံတော်အကျိုးပြုလုပ်ငန်းများတွင်ပါဝင် ကူညီဆောင်ရွက်ခြင်း

နည်းပညာတက္ကသိုလ်များရှိ ဗိသုကာဌာနသည် စာပေသင်ကြားရေးလုပ်ငန်းများသာမက နိုင်ငံတော် အကျိုးပြုလုပ်ငန်းများတွင်လည်း ကျရာကဏ္ဍမှ ပါဝင်ကူညီ ဆောင်ရွက်ခြင်းများ ပြုလုပ်ခဲ့သည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

ရန်ကုန်ရှိ ဗိသုကာဌာနမှ ပါဝင်ကူညီဆောက်ရွက်ခဲ့သည့် လုပ်ငန်းကြီးများ (လုပ်ငန်းငယ်များကို ဖော်ပြခြင်းမပြုပါ)

(က) ပုံစံရေးဆွဲခြင်းနှင့် ကွင်းဆင်းစစ်ဆေးအကြံပြု တင်ပြခြင်းများ

– ၁၉၇၂ ခုနှစ်တွင် အစိုးရဂေဟာ အဆောက်အအုံစု စီမံကိန်းတွင် ပဏာမလေ့လာချက်များ တင်ပြခြင်း၊

– ၁၉၇၆ ခုနှစ်တွင် သမိုင်းပုဂ္ဂိုလ်များ၏ မော်ကွန်းရုပ်တုပုံများ (တောင်ကြီး၊ မန္တလေး၊ ရနံချောင်း) ထုလုပ်ထားရှိရန် အကြံပြုဝင်ပြခြင်း၊

– ၁၉၇၆ ခုနှစ်တွင် ရန်ကုန်အဝေးသင်တက္ကသိုလ်(ယခင်တက္ကသိုလ် စာပေးစာယူသင်တန်းဌာန)၏ အဆောက်အအုံပုံစံများကို ရေးဆွဲပြီး ကြီးကြပ်ဆောက်လုပ်ပေးခြင်း၊

– ၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့၌ လူငယ့်ဗိမန် တည်ဆောက်ရေးစီမံချက်အတွက် အဆိုပြုပုံစံ တင်ပြခြင်း၊

– ၁၉၇၇ ခုနှစ်တွင် ဒေသကောလိပ်များ တည်ဆောက်ဖွင့် လှစ်ရန် (ရေနံချောင်း၊ ပခုက္ကူ၊ မြစ်ကြီးနား၊ တောင်ကြီး) ကွင်းဆင်းလေ့လာရေးအစီအစဉ် တင်ပြခြင်း၊

– ၁၉၇၈ ခုနှစ်တွင် အမှတ်(၁) စက်မှုဝန်ကြီးဌာန လက်အောက်ရှိ စက်ရုံများ၌ မြေခင်းစီမံမှု ဒီဇိုင်းပရိုဂျက်များ အဆိုပြု တင်ပြခြင်း၊ (ပုသိမ်မှန်စက်ရုံ၊ မြောင်းမြ ဂုံလျှော်စက်ရုံ)

– ၁၉၈၀ ခုနှစ်တွင် ရန်ကုန်မြို့ (သုဝဏ္ဏ)၌ အမျိုးသားအားကစားဥယျာဉ် ဘက်စုံစီမံကိန်းအဆိုပြုပုံစံ တင်ပြခြင်း၊

– ၁၉၈၀ ခုနှစ်တွင် Y.T.U ကျောင်းဝင်းကြီး (ယခင် R.I.T) ၏မြောက်ဘက်၊ အရှေ့အရပ်ဘက်နှင့် တောက်ဘက်အုတ်ဝင်းထရံကာရခြင်းနှင့် အဆောင်အချို့ တိုးချဲ့ဆောက်လုပ်ခြင်းတို့ကို ကြီးကြပ် ဆောင်ရွက်ခြင်း၊

– ၁၉၉၀ ခုနှစ်တွင် ကလေးတက္ကသိုလ် (ယခင် ချင်းကောလိပ်) အဆောက်အအုံများ ဗိသုကာပုံစံ ရေးဆွဲခြင်းနှင့် ကွင်းဆင်းစပ်ဆးခြင်း၊

Photo – ရွက်နုဝေမဂ္ဂဇင်း

– ၁၉၉၁ ခုနှစ်တွင် နိုင်ငံ့ဝန်ထမ်းများအတွက် လုပ်သက်များအလိုက် မြေကွက်များ နေရာချပေးခဲ့ရာတွင် ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အောက်ခြေ ဝန်ထမ်းများအတွက် တန်ဖိုးနည်းအိမ်ပုံစံ (၃) မျိုးကို ဗိသုကာဌာနမှ တာဝန်ယူရေးဆွဲ၍ ပစ္စည်းနှင့် ကုန်ကျစရိတ်များ တွက်ချက်ပေးရခြင်း၊

– ၁၉၉၉ ခုနှစ်တွင် မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် အနီးစခန်းအနီး၌ အသစ်တည်ဆောက်မည့် အထက်မြန်မာနိုင်ငံ ဆေးသုတေသနရုံးချုပ် အဆောက်အအုံ ဗိသုကာပုံစံများကို ပုံထုတ်ရေးဆွဲပေးခြင်း၊

– ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ဒေသဖွံ့ဖြိုးရေးနှင့် ပညာသင်ကြားရေး တိုးတက်မြင့်မားစေရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံဒေသ အသီးသီး၌ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံကျောင်းများကို တိုးချဲ့တည်ဆောက်ပေးနေသည့် အချိန်တွင် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ပေးအပ်သောတာဝန်ဖြင့် ဗိသုကာဌာနမှ တာဝန်ယူ၍ စီမံကိန်းများစွာအတွက် GTI, GTC, GCC များပုံထုတ်ရေးဆွဲခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွင်ခဲ့ကြသည်။

(ခ) ဗိသုကာဆိုင်ရာသင်တန်းသွားရောက်ပို့ချခြင်း

၁၉၉၃ ခုနှစ်မှစ၍ M.T.U နှင့် P.T.U ရှိဗိသုကာဌာနများ၌ လိုအပ်ချက်ရှိသည့် သင်ကြားရေးကိစ္စများကို အလှည့်ကျသွားရောက် ဆောင်ရွက်ပေးခြင်း၊

၁၉၉၈ ခုနှစ်တွင် ပြင်ဦးလွင်ရှိ တပ်မတော် အင်ဂျင်နီယာသင်တန်းကျောင်း Defence Services Engineering School ၌ ဖွင့်လှစ်သည့် Architecture and Building Advanced Course ရက်တိုသင်တန်းသို့ တစ်လျှင် ဆရာ (၂) ဦးစီတွဲ၍ အလှည့်ကျသွားရောက် သင်ကြားပေးခဲ့သည်။

ရန်ကုန်မြို့၌ ရှေးဟောင်းသုတေသနဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဌာနတို့မှ ပြုလုပ်သည့် ဝန်ထမ်းအဆင့်မြင့်သင်တန်းများသို့ သွားရောက်၍ ဗိသုကာဆိုင်ရာအချက်အလက်များကို သွားရောက်သင်ကြား ပေးခဲ့သည်။

(ဂ) ဆွေးနွေးပွဲ၊ စာတမ်းဖတ်ပွဲနှင့် သုတေသန လုပ်ငန်းများ

ဗိသုကာပညာရေးစနစ်အရ စာတမ်းများပြုစုရေးသားခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ကို ဗိသုကာဌာနရှိ ဆရာများသာမက ကျောင်းသားများကလည်း မိမိတို့ စိတ်ဝင်စားသည့် ခေါင်းစဉ်များအလိုက် ပါဝင်ဆောင်ရွက်ခြင်းများ ရှိပါသည်။

၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ပြုလုပ်သည့် မြန်မာနိုင်ငံသုတေသနဆွေးနွေးပွဲ၌ ဗိသုကာဌာနမှ ဆရာဦးလွင်အောင်နှင့် ဆရာဦးလှသန်း (ယခုဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာလွင်အောင်နှင့် Y.T.U ပါမောက္ခချုပ်ဒေါက်တာလှသန်း) တို့က “မြန်မာနိုင်ငံနှင့် အိမ်နီးချင်းနိုင်ငံများ၏ မြို့တည်ဗိသုကာလက်ရာ နှိုင်းယှဉ်ချက်” သုတေသနစာတမ်းကို တင်သွင်းခဲ့ကြသည်။

၁၉၉၆-၉၇ ခုနှစ်တွင် ဗိသုကာဌာန၌ပြုလုပ်သည့် ဌာနတွင်းအလုပ်ရုံဆွေးနွေးပွဲ Workshop ၌ ဆရာများက မိမိတို့လေ့လာပြုစုထားသည့် စာတမ်းငယ်များကို ဖတ်ကြားဆွေးနွေးခြင်းများပြုလုပ်ခဲ့သည်။ နောက်ပိုင်းကာလများတွင်းလည်း ပြည်တွင်း၊ ပြည်ပမှ ပညာရှင်များလာရောက်ပြီး စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများကို မကြာခဏပြုလုပ်ကြသည်။

(ဃ) သင်ကြားမှုနှင့်ဘာသာရပ် အထောက်အကူပြု စာအုပ်များ၊ ဗဟုသုတဆိုင်ရာ ဆောင်းပါးများ (ရှာဖွေစုဆောင်းရရှိသည့် စာအုပ်များကိုသာ အကျဉ်းရုံးဖော်ပြထားပါသည်။)

– ၁၉၅၉-၆၀ ခုနှစ်တွင် ဦးခင်မောင်သင့် ပြုစုရေးသားခဲ့သည့် Architects in the Making စာအုပ် (ပထမ ၁၀ စုနှစ် ဗိသုကာသင်တန်းအကြောင်း သိကောင်းစရာများ)

– ၁၉၆၅ ခုနှစ်တွင် ဗိသုကာဌာနကပြုစုထားသည့် ‘ဗိသုကာပညာ ဝေါဟာရဘဏ်’ အင်္ဂလိပ်၊ မြန်မာစာအုပ်

– ၁၉၆၉ ခုနှစ်တွင် ဆရာဦးလွင်အောင်ရေးသားသည့် ‘မြို့တည်မှုသီအိုရီ’ စာစုကို တက္ကသိုလ်ပညာ ပဒေသာစာစောင်တွင် ဖော်ပြပြီး သီးခြားစာအုပ်ငယ်အဖြစ် ထုတ်သည်။

– ၁၉၇၀ ခုနှစ်တွင် ဦးမျိုးမြင့်စိန်နှင့် ဌာနဆရာများ၊ ကျောင်းသားများ ပါဝင်ပြုစုထားသည့် ‘ကုန်းဘောင်ခေတ်နှောင်း ဘုန်းကြီးကျောင်းများ’ စာစု၊ ၎င်းစာတမ်းကို ၁၉၆၉ ခု မြန်မာနိုင်ငံသုတေသန ဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သည့် တက္ကသိုလ်ပညာ ပဒေသာစာစောင်တွင် ဖော်ပြပြီး သီးခြားစာအုပ်အခြစ် ရိုက်နှိပ်ပေးသည်။

– ၁၉၇၆ ခုနှစ်တွင် ဒေါက်တာလွင်အောင် ရေးသားသည့် ‘ကုန်းဘောင်ခေတ်ဘုန်းတော်ကြီး ကျောင်းတိုက်များ၏ ဗိသုကာလက်ရာ ဖွဲ့စည်းခြင်း’ စာစု၊ ၎င်းစာတမ်းကို ၁၉၇၅ ခုမြန်မာနိုင်ငံသုတေသန ဆွေးနွေးပွဲတွင် ဖတ်ကြားခဲ့သည်။ တက္ကသိုလ်ပညာပဒေသာ စာစောင်တွင် ဖော်ပြပြီး သီးခြားစာအုပ်အဖြစ် ထုတ်ဝေသည်။

– ၁၉၈၁ ခုနှစ်တွင် ဒေါက်တာလွင်အောင်ပြုစုသည့် ‘ဗိသုကာပညာနိဒါန်း’ သင်ကြားမှု အထောက်အကူ စာစဉ် (၁) ကို ကျောင်းသားများအတွက် အဓိကရည်ရွယ်ပြီး ထုတ်ဝေသည်။

– ၁၉၈၁ ခုနှစ်တွင် ဒေါက်တာလွင်အောင်ပြုစုသည့် “အနောက်တိုင်းဗိသုကာလက်ရာ” သင်တန်းလမ်းညွှန်စာစဉ် (၂) ကို ဌာနတွင်းထုတ်ဝေသည်။

– ၁၉၉၅ ခုနှစ်တွင် နှစ်ငါးဆယ်မြောက် ရန်ကုန်တက္ကသိုလ် သုတေသနစာတမ်းဖတ်ပွဲတွင် ဒေါ်ဆွေဆွေအေးပြုစုသည့် “A Study on Five or More Storeyed Residential Building in Yangon City Area” ကို ဖတ်ကြားတင်သွင်းခဲ့သည်။

– ၁၉၉၈ ခုနှစ်တွင် ရန်ကုန်နည်းပညာတက္ကသိုလ် (YTU) နှင့် UTM (Malaysia) တို့ပူးပေါင်း၍ Hotel Equatorial ရန်ကုန်တွင် ကျင်းပပြုလုပ်သည့် စာတမ်းဖတ်ပွဲများတွင် (က) Heritage “Conservation of Yangon City” ခေါင်းစဉ်ဖြင့် ဒေါ်မင်းသက်မွန်မှ လည်းကောင်း၊ (ခ) “Conceptual Ideas of Promoting Yangon as Garden City” ခေါင်းစဉ်ဖြင့် ဒေါ်ဆွေဆွေအေးမှလည်းကောင်း အသီးသီးဖတ်ကြား တင်သွင်းခဲ့ပါသည်။

– ၁၉၉၉ ခုနှစ်တွင် ဒေါ်ဆွေဆွေအေးပြုစုထားသည့် “Architectural Aspects of Buildings” စာအုပ်ကို (BT-206) အတွက် ရည်ရွယ်ပြီး ထုတ်ဝေသည်။

– ၂၀၀၁ ခုနှစ်တွင် ဂုဏ်ထူးဆောင်ပါမောက္ခ ဒေါက်တာကျော်လတ် ပြုစုရေးသားသည့် “Urban Planning, Urban Design and Regional Planning” စာအုပ်ဖြင့် ဗိသုကာသင်တန်းသားများ၊ ဗိသုကာများ၊ မြို့ပြစီမံရေးပညာကို လေ့လာ စိတ်ဝင်စားကြသူများအားလုံးအတွက် အထောက်အကူရစေရန် ရည်ရွယ်ချက်ဖြင့် ထုတ်ဝေသည်။

ဗိသုကာဘာသာရပ်ဆိုင်ရာနှင့် ဗဟုသုတရရှိစေရန်အတွက် တက္ကသိုလ်ပညာပဒေသာ စာစောင်ကြီးတွင်လည်းကောင်း၊ ရန်ကုန်စက်မှုတက္ကသိုလ်မှ ထုတ်ဝေသည့် နှစ်လည် မဂ္ဂဇင်းများတွင် လည်းကောင်း၊ ဆရာများ၊ ဗိသုကာများ၊ ကျောင်းသူ၊ ကျောင်းသားများရေးသားကြသည့် ဗိသုကာဆိုင်ရာဆောင်ပါး အများအပြားလည်း ရှိပါသည်။

(င) ပြပွဲများ (ဗိသုကာဌာန)

ဗိသုကာပညာရပ်ဆိုင်ရာပြပွဲများကို အလျဉ်းသင့်သည့် အခါများတွင် ပြုလုပ်ခဲ့သည်ကို ရှေ့၌ ဖော်ပြခဲ့ပြီး ဖြစ်သည်။ ယခုပြုလုပ်မည့်ဗိသုကာ ရွှေရတုအထိမ်းအမှတ်ပြပွဲတွင် ဗိသုကာဌာနအနေဖြင့် တက်ကြွစာ ပါဝင်ပြသရန် ကြိုတင်ဆောင်ရွက်ထားကြောင်း သိရှိရသည်။

မန္တလေးရှိ ဗိသုကာဌာန၏ လှုပ်ရှားဆောင်ရွက်မှုများ

မန္တလေးရှိဗိသုကာဌာနကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၀၀ ခုနှစ်ကာလခန့် အထိ အချိန်ပြည့် ဆရာ (၃)ဦးဖြင့် သင်ကြားရေးတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်နေကြရသည်။ ပါမောက္ခချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မန္တလေးနည်းပညာတက္ကသိုလ်ဝင်းအတွင်း တိုးချဲ့ဆောက်လုပ်မည့် အဆောက်အအုံအချို့ကို ပုံစံထုတ်ပေးခြင်း၊ မန္တလေးမြို့တွင်းရှိ ဌာနဆိုင်ရာများမှ အကူအညီ တောင်းခံလာသည့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုပြီးအကြံပြုခြင်း၊ ပြပွဲပြိုင်ပွဲများ၏ ကြိုဆိုရေး မုခ်ဦးပုံစံများရေးဆွဲပေးခြင်းများကို ဆောင်ရွက်ခဲ့ကြသည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

၁၉၉၄ ခုနှစ်တွင် ဗိသုကာဘာသာရပ်ပြပွဲကို ဌာနတွင်း၌ ပြုလုပ်ပြသနိုင်ခဲ့သည်။ ဒုတိယနှစ်မှ စတုတ္တနှစ်အထိ ကျောင်းသူကျောင်းသားများ ရေးဆွဲပုံထုတ်ထားသည့် ဒီဇိုင်းပုံစံအမျိုးမျိုးနှင့် ရုပ်လုံးပုံစံငယ်များ (Model) ကိုပါ ခင်းကျင်းပြထားသဖြင့် တစ်ကျောင်းလုံးရှိ ကျောင်းသူ ကျောင်းသားများသာမက မန္တလေးမြို့ရှိဗိသုကာများ၊ အင်ဂျင်နီယာများနှင့် စိတ်ဝင်စားသူအများအပြား လာရောက်ကြည့်ရှုအားပေးသဖြင့် ဗိသုကာကျောင်းသားများအဖို့ စိတ်ဓာတ်တက်ကြွပြီး ပိုမိုကြိုးစားလိုသည့် အားသစ်များကို ရရှိစေခဲ့သည်။

၂၀၀၀ ခုနှစ်ဝန်းကျင်တွင် ရန်ကုန်မြို့မှ ဗိသုကာပညာရှင်အချို့နှင့် ပြည်ပမှပညာရှင်အချို့တို့ လာရောက်ပြီးဗိသုကာပညာရပ်ဆိုင်ရာ ဟောပြောပွဲများကျင်းပခဲ့သည်။

၂၀၀၃ ခုနှစ်တွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီနှင့် မန္တလေးနည်းပညာတက္ကသိုလ်၊ ဗိသုကာဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Refresher Course on Settlement Planning and Design သင်တန်းကို ဖွင့်လှစ်နိုင်ခဲ့သဖြင့် မန္တလေးမြို့၏ မြို့ပြစီမံကိစ္စရပ်များတွင် များစွာအထောက်အကူရရှိစေခဲ့ပါသည်။

ဗိသုကာစာကြည့်ခန်း

ဗိသုကာပညာရပ်သင်ကြားရာတွင် ဒုတိယနှစ်မှ ဆဋ္ဌမနှစ်အထိ ဘာသာရပ်ပေါင်း (၃၀) ကျော်ကို သင်ယူကြရသည်။ ကျောင်းသားများ ဖတ်ရှုနိုင်ရန်အတွက် ဘာသာရပ်ဆိုင်ရာစာအုပ်များနှင့် အထောက်အကူပြု စာအုပ်များကို ရသမျှစုဆောင်းကာ ဗိသုကာဌာနစာကြည့်ခန်းတွင် ထားရှိပြီး ကျောင်းသားများကို Library Card ဖြင့် သတ်မှတ်ရက်အတွင်း ငှားရမ်းခွင့်ပြုထားသည်။ နည်းပညာတက္ကသိုလ်၏ Main Library တွင်လည်း ဗိသုကာနှင့်သက်ဆိုင်သည့် စာအုပ်အချို့ကို ငှားရမ်းဖတ်ရှုနိုင်သည်။

ကျောင်းသားများ နှစ်စဉ်ရေးသားတင်သွင်းသည့် Term Paper များ၊ Thesis များ နှင့် ပြည်တွင်းမှ ထုတ်ဝေသည့် ဘာသာရပ်ဆိုင်ရာ စာအုပ်များ၊ မဂ္ဂဇင်းများနှင့် သုတေသနစာတမ်းများကိုလည်း ထားရှိသဖြင့်စာတမ်းတင်ပြရန် ဖတ်ရှုလေ့လာလိုသူများအတွက် အလွယ်တကူ ရရှိနိုင်သည်။

ကျောင်းသားဗိသုကာအသင်း (S.S.A- Society of Student Architect)

ဗိသုကာပညာရေးသမိုင်းအကြောင်းတင်ပြရာတွင် ဗိသုကာဌာနနှင့် နှစ်အတန်ကြာ လှုပ်ရှားမှုရှိခဲ့သည့် ကျောင်းသားဗိသုကာအသင်း (S.S.A) နှင့် ပတ်သတ်သော အကြောင်းအရာအချို့ကို ဖော်ပြမှသာလျှင် ပြည့်စုံပါမည်။ တစ်နည်းအားဖြင့်ဆိုလျှင် S.S.A သည် ဗိသုကာဌာနနှင့်အတူ စတင်ပေါ်ပေါက်လာပြီး ယနေ့ ဗိသုကာများ၏ အရေးကိစ္စများကို ဆောင်ရွက်ပေးနေသော မြန်မာနိုင်ငံ ဗိသုကာများအသင်း A.M.A ၏ ရှေ့ဆောင်လမ်းပြဖြစ်ခဲ့သည်။

Photo – ရွက်နုဝေမဂ္ဂဇင်း

ကျောင်းသားဗိသုကာအသင်းမှ ပါဝင်ဆောင်ရွက်ခဲ့သော အကြောင်းအရာများကို အကျဉ်းဖော်ပြထားသည်။

– ကျောင်းသားဗိသုကာ သစ်လွင် ကြိုဆိုပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ

– အာစရိယပူဇော်ကန်တော့ပွဲ

– Project Jury များနှင့် Thesis Jury များပြုလုပ်ရာတွင် ကူညီဆောင်ရွက်ခြင်း၊

– သင်ကြားရေးအထောက်အကူပြု ပစ္စည်းများဝယ်ယူရာတွင် ပါဝင်လုပ်ဆောင်ခြင်း၊

– ကျောင်းသားဗိသုကာများနှင့် ပြင်ပရှိဗိသုကာများ တွေ့ဆုံရင်းနှီးမှုရရှိစေရန် ညစာစားပွဲနှင့် ပဒေသာကပွဲများ ကျင်းပပြုလုပ်ခြင်း၊

– အသင်းရန်ပုံငွေစုဆောင်းရရှိစေရန် အမှတ်တရပစ္စည်းများ ရောင်းချခြင်း၊

-လေ့လာရေးခရီ်းများသွားရောက်ခြင်း၊

– Measured Drawing ခရီးထွက်ရန်အတွက် ခရီးသွားလာမှုနှင့် အစားအသောက်ကိစ္စရပ်များ၊ တစ်ခါတစ်ရံတူညီဝတ်စုံ ဝတ်ဆင်နိုင်ရန်ဆောင်ရွက်ခြင်း၊

– ဗိသုကာဌာနမှဦးဆောင်ကျင်းပသည့် ပြပွဲများတွင် ကူညီခြင်းနှင့် အခြားအသင်းအဖွဲ့များ၏ လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခြင်းများ၊ ပညာရပ်ဆိုင်ရာကိစ္စများနှင့် လူမှုဆက်ဆံရေးကိစ္စများစွာတို့ကို ပါဝင်ကူညီဆောင်ရွက်ခဲ့ကြပါသည်။

– ထိုကာလများအတွင်း နောင်တစ်ကြိမ်တွင် ဗိသုကာအသင်းကြီးဖြစ်ပေါ်လာမည်ဟု ယုံကြည်ချက် ခိုင်မာစွာဖြင့် ကျောင်းသားများ၊ သက်ကြီး၊ သက်လက်၊ သက်ငယ်ဗိသုကာများအတွင်း စည်းရုံးနှိုးဆော်မှုများကိုလည်း မရပ်မနားဆောင်ရွက်ခဲ့ကြသည်။

– ယခုအခါ “မြန်မာနိုင်ငံဗိသုကာများအသင်း” ကို တရားဝင် ဖွဲ့စည်းထူထောင်နိုင်ခဲ့ပြီဖြစ်၍ အသင်းကြီးမှ ပြန်လည်၍ ကျောင်းသားများ၏ အရေးကိစ္စများကို ကူညီဆောင်ရွက်ပေးနိုင်ပြီဖြစ်သည်။

နိဂုံး

ဗိသုကာရွှေရတုနှစ်(၅၀) ခရီးစဉ်အတွင်း ဗိသုကာပညာရေး သမိုင်းတစ်လျှောက် ကြုံတွေ့ ဖြတ်ကျော်ခဲ့ရသည့် အမျိုးမျိုးသော အကြောင်းအရာများကို စုဆောင်းရရှိသမျှ အကျဉ်းချုပ်၍ တင်ပြခဲ့ပါသည်။ မသေချာသောစာရင်းဇယားများနှင့် မရေရာသည့်အချက်အလက်များကို အတွေ့အကြုံရင့်ကျက်သည့် ဗိသုကာကြီးများအားတတ်နိုင်သလောက် မေးမြန်းပြီး အနီးစပ်ဆုံး ဖြစ်အောင်ရေးသားထားပါသည်။ အထူးသဖြင့် ၂၀၀၀ ခုနှစ်နောက်ပိုင်းတွင် ဗိသုကာဌာနများ၌ သင်တန်းမျိုးစုံကို တိုးချဲ့သင်ကြားပေးနေရသဖြင့် အချိန်ပြည့် ဆရာများ၊ အချိန်ပိုင်းဆရာများနှင့် သင်တန်းအသီးသီးရှိ ဘာသာရပ်များ Curriculum သည် အခြေအနေအလိုက် ပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိသဖြင့် အချက်အလက် စုဆောင်းတင်ပြရာတွင် အခက်အခဲအချို့ ရှိခဲ့ပါသည်။

၁၉၅၄ ခု မှ ၂၀၀၄ ခုနှစ်အတွင်း ဗိသုကာဆိုင်ရာအတတ်ပညာအမျိုးမျိုး၊ သင်တန်းအမျိုးမျိုးတို့မှ ဒီဂရီလက်မှတ်၊ ဗိသုကာဘွဲ့၊ ဘွဲ့လွန်ဒီပလိုမာ၊ မဟာဒဿနဘွဲ့၊ မဟာဗိသုကာဘွဲ့နှင့် ပါရဂူဘွဲ့များကို ပေးအပ်နိုင်ခဲ့ပြီး ဆက်လက်ပေးအပ်ရန်လည်း သင်တန်းများဖွင့်လှစ်သင်ကြားလျက်ရှိသည်။ ပေါ်ထွက်ခဲ့ပြီးသော ဗိသုကာအတတ်ပညာရှင်များကလည်း မိမိတို့စွမ်းဆာင်နိုင်သမျှ ကဏ္ဍအသီးသီးမှ နိုင်ငံတော်နှင့် ပြည်သူများအတွက် ဗိသုကာအတတ်ပညာစွမ်းပကားဖြင့် ပါဝင်ဆောင်ရွက်လျက်ရှိကြသည်။

ဗိသုကာရွှေရတုမှသည် နှစ်ပေါင်းများစွာတိုင်အောင် နိုင်ငံအကျိုးပြု ဗိသုကာပညာရှင်များကို ဆက်လက်မွေးထုတ်ပေးနေမည်ဟု ယုံကြည်ထားပါသည်။

ဦးသန်းတင်အောင်(ဂုဏ်ထူးဆောင်ကထိက)

ဤစာတမ်းဖြစ်ပေါ်လာရေးအတွက် ဝိုင်းဝန်းကူညီကြသူများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိပါသည်။ အကြောင်းအရာအချက်အလက်များ တင်ပြရာ၌ ကွဲလွဲမှုများရှိပါက နားလည်ခွင့်လွတ်ပေးကြပါရန်နှင့်၊ ယခုထက်ပိုမိုပြည့်စုံသည့် ဗိသုကာပညာရေးသမိုင်း မှတ်တမ်းစာအုပ်ကြီးကို ဆက်လက်ပြုစုသွားရန် ရှိပါသည်။

ကျမ်းကိုးစာရင်း

၁။ Architects in the Making by U Kin Maung Tint (1959-1960)

၂။ ရန်ကုန်စက်မှုတက္ကသိုလ်လက်စွဲစာအုပ်၊ ရန်ကုန်စက်မှုတက္ကသိုလ်၊ (1966-1967)

၃။ ရန်ကုန်စက်မှုတက္ကသိုလ်မဂ္ဂဇင်းများ၊ ရန်ကုန်စက်မှုတက္ကသိုလ် (1969,1974,1985,1996)

၄။ ပညာပဒေသာစာစောင်များ၊ အထက်တန်းပညာဦးစီးဌာန (1970-1978)

၅။ ဗိသုကာဌာနမှ စာရင်းဇယားများနှင့် ဗိသုကာဌာန Y.T.U, M.T.U, G.T.C (သန်လျင်၊ မန္တလေး) 1970-2004 မှတ်တမ်းများ။

၆။ မြန်မာနိုင်ငံဗိသုကာအသင်းမှ စာရင်းဇယားများ

၇။ ဗိသုကာပညာသင်ဌာနရဲ့ (၄၉) နှစ်ခရီးစဉ်၊ ဒေါက်တာလွင်အောင် 2003

၈။ ဗိသုကာရွှေရတုစီမံချက်၊ A.M.A, 2004

၉။ မဟာဗိသုကာသင်တန်းသားများ၏ ၂၀၀၄ ခုစာသင်နှစ်အချက်အလက်စစ်ဆေးခြင်းနှင့် Y.T.U, M.T.U ကွင်းဆင်းဆောင်ရွက်ချက်များ။

၁၀။ ဗိသုကာဆရာကြီးများနှင့် တွေ့ဆုံမေးမြန်းချက်များ 2004