အာခီတက် နဲ့ ဒီ ၂ ချက်

အာခီတက် နဲ့ ဒီ ၂ ချက်

ဦးအောင်မြင့် (73 အာခီတက်)

အားလုံး သိကြတဲ့ အတိုင်းပါဘဲ။ ဆရာဝန် နဲ့ အာခီတက် ဟာ ပညာနဲ့ အသက်မွေးဝမ်းကျောင်းသူ Professional တွေဖြစ်တာချင်း တူ ပေမယ့် မတူတာတွေ မတူဘူးဗျ။

ချမ်းသာတဲ့ လူတစ်ယောက် ရောဂါ သေးသေးတစ်ခု ဖြစ်လာရင်တောင် စိုးရိမ်စိတ်နဲ့ ပညာရှင်ဆရာဝန်ကို လေးလေးစားစား အားကိုး ကြ၊ဆည်း ကပ် ကြပါတယ်။ ပျောက်အောင် ကုသပေးဖို့ မျက်နှာ ချိုရ ပါတယ်။ ချက်ချင်း အဖြေထွက် ရောဂါပျောက်ကင်း သွားရင်လဲ ကျေးဇူးအလွန် တင်တတ်ကြတယ် မဟုတ်လား။ ကိုယ့်မှာ ကျန်းမာရေး ဗဟုသုတ ဘယ်လောက်ရှိရှိ ဆရာဝန်က ပိုသိတယ် ထင်တာကိုး။

အဲဒီ ချမ်းသာတဲ့ လူပဲဗျာ ၊ သူ့ပိုက်ဆံတွေကို အသုံးချပြီး Project ကြီး တစ်ခုလုပ်မယ် ၊ အဆောက်အအုံကြီး တစ်လုံး ဆောက်မယ်လဲ ဆိုရော ပညာရှင်အာခီတက်တွေ ဆီမှာ အလုပ်အပ် တဲ့အခါ ဆက်ဆံပုံက မတူ တော့ဘူးဗျ။

သူက ချမ်းသာတော့ တိုးတက်တဲ့ နိုင်ငံတွေ သွားရင်း တွေ့မြင်ထားတာ ရှိမယ် ၊ အချက် အလက်တွေ ဆွေးနွေးထားတာ ၊ သိနေတာတွေများများ ရှိမယ်ဆို ပိုဆိုးသေး။ ဒီ အာခီတက် ငါ့ လောက် သိပါ့ တတ်ပါ့ မလားလို့ စိတ်ထဲမှာ ကျိတ်ပြီး ထင်နေတဲ့သူတွေ ရှိတယ်ဗျ ။ ဒါလဲ သဘာဝ ကျပါတယ်။ စိတ် ဆိုးစရာ မဟုတ်ပါဘူး။

အဲဒီလုပ်ငန်းရှင်နဲ့ အလုပ်စ လုပ်ချိန်မှာ သူ လိုချင်တဲ့ လိုအပ်ချက် Requirements တွေကို အာခီတက်က အကောင်းအဆိုး ပြန်မဆွေးနွေးဘဲ အလိုက်သင့် ပုံဖေါ်ပြီး လိုက်လုပ်ပေးနေရင် လုပ်ငန်းရှင်က သူပဲ Design လုပ်နေရ သလိုလို ၊ သူကမှ Architect လိုလို ထင်လာရော။

စာအုပ်တွေကြည့် ၊ ဓါတ်ပုံတွေပြပြီး ဟိုလို ပြင်ပေးပါလား ၊ ဒီလိုပြောင်းလိုက်ပါ လား လုပ်လာရော။ ငါက ပုံမဆွဲတတ် ၊ ပုံမဆွဲချင်လို့သာ ၊ ဆွဲတတ်ရင် သူတို့တောင် အပ်စရာမလိုဘူး လို့ ထင်လာပါ‌ တော့တယ်။

အဲဒါကို သဘောကောင်းပြီး အလိုလိုက်နေရင် အလိုလို ကိုယ်က Draftsman ပုံဆွဲ အဆင့်ရောက်သွား ပါလေရော။လုပ်ငန်းရှင် က အာခီတက်ကို အယုံကြည် နည်းမှု နဲ့ သူ့ကိုယ်သူ အထင်ရောက်သွားအောင် ခွင့်ပြုမှု တွေရဲ့ အကျိုးဆက်တွေပါဘဲ။

အလုပ် များများရပြီး ၊ အောင်မြင်နေတဲ့ (Project တွေ များများ ပြနိုင်တဲ့) အာခီတက်ဆိုရင်တော့ လုပ်ငန်းရှင်တွေက အဲသလို မထင် ၊ မဆက် ဆံ ပါဘူး။ ကိုယ်က အဲဒီလို မဟုတ်‌သေးဘူးဆိုရင်တော့ လုပ်ငန်းရှင်တွေ ကိုယ့်အပေါ် အထင်မသေးအောင် ၊ ယုံကြည်အောင် ကိုယ့်ဘက်က နှစ်ချက် ဖြည့်ဆည်းထားဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်ဗျ။

ပထမ ဖြည့်ဆည်းရမယ့် အချက်က အထွေထွေ အကြောင်းအရာတွေ နှုတ်အားဖြင့် ဆွေးနွေး‌ ‌နေတဲ့ အချိန်တိုင်းမှာ လုပ်ငန်းရှင်တွေ သိ သ လောက် အာခီတက်က သိတယ် ၊ (သို့မဟုတ်) သူတို့ထက် ပိုသိတယ် ဆိုတာ လက်ခံသွားတဲ့အထိ ဆွေးနွေးနိုင်ဖို့ပါပဲ။

ဆွေးနွေး ရမယ့် ခေါင်းစဉ်တွေ အများကြီးထဲမှာ ကိုယ်နဲ့ ဆိုင်တာတွေကို အပိုင်အနိုင် လေ့လာထားမှ အပိုင်ပြောနိုင်မှာ ဖြစ်ပါတယ်။ ခုခေတ်ကြီးမှာ လူတိုင်း Google ခေါက်တတ်တယ် ဆိုတာ မမေ့ပါနဲ့။

ဒုတိယ အချက်က လုပ်ငန်းရှင်ရဲ့ Project ကို ဒီဇိုင်းထုတ်တဲ့ အခါ အာခီတက်ရဲ့ ကိုယ်ပိုင် စိတ်ကူး စိတ်သန်းတွေ အမျိုးမျိုး ကို စနစ်တကျ ပညာပါပါ ထုတ်ပြ နိုင်ဖို့ပါ။ ကိုယ့်လိုဘဲ အင်တာနက် သုံးသူတွေများတော့ ကိုယ် ပုံတူနီးနီး ကူးထားတဲ့ ၊ မှီး ထားတဲ့ မူရင်း ဒီဇိုင်းတွေကို မြင်ထားရင်၊ ဖွင့် မပြောပေမယ့် အထင် မကြီးတော့ပါဘူး။ သိပ်ပြီး မကောင်းသေးတောင် Requirements, Function တွေကို အခြေခံပြီး ပေါ်လာတဲ့ ကိုယ့်ဒီဇိုင်းစစ်စစ်က လုပ်ငန်းရှင်ကို ပိုပြီး အားရစေမယ်ထင်ပါတယ်။

ဒီနှစ်ချက် လုပ်နိုင်ရင် လုပ်ငန်းအပ်နှံသူတွေ ယုံကြည်သွားပါလိမ့်မယ်။ Project အစမှ အဆုံးတိုင် အကောင်းဆုံးဖြစ်အောင် ယုံကြည်နေအောင် အမြဲ ကြိုးစားရမှာက ကိုယ့်တာဝန်ပါ။ Project ပြီးစီးလို့ အမှားအယွင်းလည်းနဲ၊ အောင်မြင်မှုလည်း ရတယ်ဆိုရင် ဒီအာခီတက်ကို လုပ်ငန်းရှင်က လေးစားသွားပြီးနောက် ဘာလုပ်ငန်းလုပ်လုပ် အဆင်ပြေ ချောမွေ့ သွားပါလိမ့်မယ်။

ဦးအောင်မြင့် (73 အာခီတက်)

21 Oct 2020