Jury for Architect

Jury for Architect

အားလုံးပဲ မင်္ဂလာပါရှင်။ ကျွန်မတို့ ဗိသုကာ အားလုံးမှ မိမိတို့ကိုယ်တိုင် ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ Jury အချိန်လေးတွေကို အားလုံးအမှတ်ရကြမယ်လို့ ထင်ပါတယ်။ ကျွန်မတို့အတွက် မမေ့နိုင်စရာအချိန်များပါပဲ။ ဗိသုကာတစ်ယောက်အတွက် Jury ဆိုတာ မိမိရဲ့ဗိသုကာဒီဇိုင်းတစ်ခု စဥ်းစားတွေးခေါ်နိုင်တဲ့ အရည်အချင်း၊ ပုံဆွဲတတ်တဲ့ Drawing Skill ၊ ဝီရိယရှိမှု၊ ဗိသုကာအမြင်ရှိမှု၊ မိမိတို့ကြိုးစားအားထုတ်မှုတို့ကို ပြသရာ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

မိမိဒီဇိုင်းထုတ်ဆွဲထားတဲ့ အဆောက်အအုံတစ်ခုအပေါ် မိမိဘယ်လောက်အားထုတ်ထားကြောင်း၊ ဆရာ/ဆရာမ တို့ အမှတ်ပေးချင်လာအောင် ပြောပြ၊ ရှင်းပြ ကြရတာပဲဖြစ်ပါတယ်။ ဒီဇိုင်းကိုဘယ်လို စဥ်းစားထားကြောင်း မိမိအားအလုပ်အပ်သူကို ရှင်းပြသကဲ့သို့ သဘောထား၍လည်း ရှင်းပြနိုင်ပါတယ်။

သို့မှသာ ကျောင်းသား၊ ကျောင်းသူများဘဝကနေ ဗိသုကာကြီးတွေ ဖြစ်သွားတဲ့အခါ Client ပေါင်းစုံမှ မေးမြန်းလာကြမည့် မေးခွန်းပေါင်းများစွာ အထွေထွေကို ယုံကြည်ချက် ပြည့်ဝစွာ မိမိဒီဇိုင်း လက်ခံနိုင်အောင်၊ ရှင်းပြနိုင်တဲ့ စိတ်ဓာတ်ရှိအောင် ကျောင်းသူ၊ ကျောင်းသား အရွယ်မှစ၍ ကြိုတင်လေ့ကျင့်ပေးခြင်း သဘောမျိုးလည်း ဖြစ်ပါတယ်။

Location Plan, Site Plan, Floor Plans, Elevations, Sections များနှင့် မိမိအချိန်ရရင် ရသလောက် မိမိဒီဇိုင်းများအား ပိုမိုပေါ်လွင်အောင် အထောက်အကူပြုထားသော Detail ဆွဲပုံများနှင့် Isometric, Perspective ကဲ့သို့ ပုံများပါဝင်ပါတယ်။

သည်ဖက်ခေတ်မှာတော့ ကွန်ပျူတာနှင့် ဆွဲလာကြသည့်အပြင် 3D Render, Animation များနှင့် အဆောက်အအုံ အတွင်းအပြင် လှည့်လည်ပြသကြတဲ့ ပုံများပါ ပါဝင်လာကြပါတယ်။ ကျွန်မတို့ ကျောင်းတက်ခဲ့စဥ် အချိန် ၂၀၀၃/၂၀၀၄ ခုနှစ်လောက်တွင်တော့ ကွန်ပျူတာနှင့်ဆွဲသောပုံများ တင်ခြင်းကို လက်မခံကြသေးပါဘူး။ လက်နှင့် Sketch ဆွဲခြင်း၊ Drawing Board များပေါ်တွင် A2,A3 ဆိုဒ် Tracing Paper များပေါ်တွင် Technical Drawing Pen (Rapido) များ၊ Triangle ruler၊  T-Square၊ Set Square များ အသုံးပြု၍ ရေးဆွဲကြရပါတယ်။ Color ခြယ်ရန်အတွက် ရောင်စုံခဲတံများ၊ Water Color များနှင့် ခြယ်ခဲ့ကြရပါတယ်။

နောက်ဆုံးနှစ် Thesis အတွက်တော့ ကွန်ပျူတာနှင့်ဆွဲတာ လက်ခံပေးခဲ့ပါတယ်။ Scale Model များလည်း ကိုယ်တိုင်လုပ်ကြရပါတယ်။ ပထမဆုံး အတွေ့အကြုံအနေနှင့် မလုပ်တတ်သူများကတော့ အသိ စီနီယာများထံ အကူအညီယူ၊ နည်းနာသွားယူ မေးမြန်းနိုင်ပါတယ်။ ကျောင်းမှ မိမိတို့ကိုယ်တိုင် Model ချိုးနိုင်အောင် သင်ပေးခဲ့ပါတယ်။ တစ်ယောက်တည်း မလုပ်ချင်သူများကလည်း သူငယ်ချင်းများနှင့် အဖွဲ့လိုက် ကိုယ့်ဟာသူကူ၊ သူ့ဟာကိုယ်ကူနှင့် ပြီးသွားကြတာမျိုးလည်း ရှိပါတယ်။

၎င်း Jury နေ့တွင် မိမိတို့အား သင်ကြားပေးသော ဆရာ၊ ဆရာမများအပြင် ပြင်ပမှ ဖိတ်ကြားထားသော ဗိသုကာလူကြီးမင်းများမှလည်း ကျောင်းသား၊ ကျောင်းသူများအား အကဲဖြတ်အမှတ်ပေးရန် ရောက်ရှိနေကြပါတယ်။ သူတို့ပေးတဲ့ အမှတ်များသည်လည်း စာမေးပွဲအတွက် ထည့်သွင်း အမှတ်ယူမည် ဖြစ်သောကြောင့် ကျောင်းသား၊ ကျောင်းသူများအား စိတ်လှုပ်ရှားမှု ပိုစေပါတယ်။

ထိုအမှတ်များအပေါ် မူတည်၍ မိမိတို့ခုံနံပါတ် Roll Number များ အတက်အကျ အပြောင်းအလဲ ရှိနိုင်သည့်အပြင် သူငယ်ချင်းများ၊ ဆရာ/ဆရာမများ၊  တစ်ခါတစ်လေ ဗဟုသုတရရန် လာရောက်နားထောင်ကြသော တခြားမေဂျာမှ သူငယ်ချင်းများ၊ ဂျူနီယာအသိ ကျောင်းသား ကျောင်းသူများရှေ့တွင် ဆရာ/ဆရာမများမှ မိမိတို့ဆွဲပုံများနှင့် ပတ်သတ်၍ လိုအပ်ချက်ရှိသောကြောင့် ဝေဖန်လိုက်‌သော၊ ဆူပူကြိမ်းမောင်းလိုက်သော စကားများကို ကြောက်ရွံ့မိ၍ ကျွန်မတို့သည် Jury မရောက်ခင် အတော်ကြိုးစားရပါတယ်။ နေ့မနား ညမအိပ် ကြိုးစားကြရပါတယ်။

အချိန်တစ်လခန့် ရကြသော်လည်း ရံဖန်ရံခါ Jury နားနီးသည်အထိ Designမှာ စဥ်းစားမရဘဲ ဘာဆွဲလို့ဆွဲရမှန်းမသိ ဖြစ်ခဲ့ရတာမျိုးလည်း ရှိခဲ့ပါသည်။ မိမိအိမ်ရှိ မိသားစုများလည်း မနေရ၊ တတ်နိုင်သလောက် ဝိုင်းဝန်း ပံ့ပိုးပေးကြရပါတယ်။ Jury မဝင်၊ ပျက်ကွက်သူများနှင့် မိမိအလှည့်ကို မဲနှိုက်၍ သတ်မှတ်ထားသောကြောင့် အချိန်မီမရောက်လာသော သူများအားလုံးအမှတ်လျော့ခံထိကြပါသည်။ (ကိုယ်တိုင် Late Submission ထိဖူး၍ သိရှိခဲ့ရပါသည်။ Roll Number ၁၀‌ နေရာလောက် အောက်ကျသွားခဲ့ရပါတယ်။)

ထိုနေ့တွင် ဆရာ/ဆရာမများ၏ ဝေဖန်စကားများကြောင့် ငိုတဲ့သူငို၊ ပျော်တဲ့သူပျော်၊ စိတ်ဓာတ်ကျသူကျ၊ နောင်တရသူရနှင့် ခံစားမှုပေါင်းစုံ တွေ့ခဲ့ကြရပါသည်။ မိမိအလှည့်တွင် အပြောအဆို မခံရ၍ အိုကေပြီဟုထင်ပြီး ပျော်နေသူများ (တကယ်အိုကေသူရှိသလို ဆရာ/ဆရာမများမှ မကြည့်ချင်တော့ လောက်အောင် စိတ်ပျက်လွန်း၍ အသာကြည့်နေလိုက်ရသူများ)၊ တကယ်အိုကေသူများက ကိုယ်က အိုကေနေသော်ငြား မိမိသူငယ်ချင်းမှာ မျက်ရည်နှင့်မျက်ခွက် ဖြစ်နေသောအခါ ရဲရဲ ဝံ့ဝံ့ မပျော်ရဲ၍ သူငယ်ချင်းကို ချော့နေရတာမျိုးလည်း ရှိပါသည်။

ကိုယ့်အလှည့်ပြီးသူများကလည်း အတန်းသားအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် စာရွက်များကို Drawing Board ပေါ်တွင်ကူကပ်ပေးခြင်း၊ ကျန်နေတာရှိရင်လည်း ဆရာမ မသိအောင် ဝိုင်းကူဆွဲပေးရင်းနဲ့ ငိုပြီးထွက်လာတဲ့ သူငယ်ချင်း တစ်ယောက်ကို ပြေးဆွဲချော့ရမလို၊ ခြေမကိုင်မိ လက်မကိုင်မိဖြစ်ခဲ့ရတဲ့ အချိန်များကို အခုအချိန်မှာ ပြန်တွေးရင်တော့ ရယ်စရာဖြစ်လို့နေသည်ပေါ့။

ကျွန်မတို့ကျောင်းသူဘဝ Fourth Year မှာ First Jury ကို  နားနေဆောင် (Pavilion Project) လေးနဲ့ စခဲ့ပါတယ်။  Pavilion ပြီးတော့ တစ်ထပ်အိမ်လေး (Single Story House) ပါ။ တဖြည်းဖြည်းနဲ့ ခက်လာသော Projects များ၊ Function တွေများလာ၊ အထပ်မြင့်တွေပါလာ စသဖြင့် Project Title တွေမြင့်လာပါတယ်။ ထိုသို့ အာခီတက်တိုင်း ဖြတ်သန်းခဲ့ရသော Jury အတွေ့အကြုံ၊ အနေအထား၊ ခံစားမှုများကို အားလုံးသိအောင် ရေးသားဝေမျှပေးကြပါလို့ တိုက်တွန်းရင်း ဖိတ်ခေါ်ပါရစေရှင့်။

မှတ်ချက် – ဓာတ်ပုံများကို ဒေါက်တာနှင်းဝတ်ရည်၊ ဒေါက်တာဇွဲနိုင်ထင် နှင့် မခိုင်သဇင်အောင်တို့က ပံ့ပိုးကူညီပါသည်။

ဒေါက်တာအောင်ဆည်းဆာ